DVB Logo
Home
မြန်မာသတင်း
ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ဆေးဝါးတင်သွင်းမှု အထိနာ
DVB
·
May 17, 2013
ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ဆေးဝါးတင်သွင်းမှု အထိနာ
Donate to DVB

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လို့ ပြည်ပသွင်းကုန်အမယ်တွေထဲမှာ ဆေးဝါးတင်သွင်းမှု အထိနာဆုံးပါလို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။

အသင်းရဲ့အတွင်ရေးမှူး ဦးဇော်မိုးခိုင်က “ဒေါ်လာတန်ဖိုးတက်လို့ ဆေးဝါးဈေးနှုန်းလည်း လိုက်တက်တာက ကောင်းတဲ့လက္ခဏတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဆေးဝါး import လုပ်နေတဲ့ ကုမ္ပဏီတွေအားလုံးက ဒေါ်လာနဲ့ တင်သွင်းနေရတာဖြစ်လို့ သူတို့ကိုတော့ အပြစ်သွားပြောလို့ မရဘူး။ ဒါကြောင့် ဒေါ်လာတန်ဖိုး တက်လာတာက ကျနော် တို့ ဆေးဝါးရောင်းချတဲ့ ဈေးကွက်အပေါ်မှာတော့ အထိဆုံးပါပဲ” လို့ ပြောပါတယ်။

ပြည်တွင်သုံး ဆေးဝါးတွေရဲ့ ဆယ်ပုံကိုးပုံကို ပြည်ပကနေ တင်သွင်းနေတာဖြစ်လို့ ဒေါ်လာဈေး အတက်အကျပေါ် မူတည်ပြီး ဆေးဝါးဈေးနှုန်းတွေကလည်း အတက်အကျရှိနေတာပါ။

ဒီအတွက်ကြောင့် နိုင်ငံခြားဆေးဝါးတင်သွင်းရောင်းချနေတဲ့ ဆေးဝါးကုမ္ပဏီကြီး ၅ ခုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆေးအမျိုးအမည် တခုအပေါ် ၄ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ဈေးတက်သွားတာပါ။ ဆေးအမယ်ပေါ်မူတည်ပြီး ခံနိုင်ရည်ရှိတဲ့  ဆေးအမယ် ဆိုရင်တော့ ဈေးမတက်ဘဲ ဆက်ရောင်းပေးနေတယ်လို့ သိရပါတယ်။

အရင်ဈေးဟောင်းနဲ့ ၀ယ်ထားတဲ့ကုမ္ပဏီတွေရဲ့လက်ထဲမှာလဲ လက်ကျန်ရှိသေးလို့ ဈေးမတက်သေးဘဲ အရင်နှုန်းထားနဲ့ဘဲ ဆက်ရောင်းနေကြတယ်လို့ ဦးဇော်မိုးခိုင်က ပြောပါတယ်။

တကယ်လို့  ဒေါ်လာဈေးက ပြန်မကျဘဲ လက်ကျန်ကုန်ပစ္စည်း ပြတ်လတ်ရင်တော့ ဆေးဈေးနှုန်းတွေ တက်နိုင်သလို ဒေါ်လာဈေး ဆက်တက်ရင်တော့ ဆေးဝါးတင်သွင်းတာ လျော့ကျမယ့် အခြေအနေ ရှိပါတယ်။

ဦးဇော်မိုးခိုင်က “ဒေါ်လာဈေးတွေ တက်တဲ့ချိန်မှာ တင်သွင်းတဲ့သူက သူ့လက်ထဲမှာ stock အများကြီး မကျန်အောင် သတိထားပြီးတော့ တင်သွင်းမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒေါ်လာဈေးပြန်ကျခဲ့ရင် အရင် အမြင့်ဈေးနဲ့ဝယ်ခဲ့တာကို ဈေးမြင့်နဲ့ ပြန်ရောင်းဖို့က မလွယ်ဘူး။ ပြီးတော့ မြန်မာပြည်မှာက ဒေါ်လာဈေးကျရင် ဆေးဈေးနှုန်းပါ လိုက်မချတဲ့ကုမ္ပဏီက မရောင်းရဘူး။ ဒါကြောင့် ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတွေက အရင်ဝယ်တဲ့ stock level လောက်တော့ ထားချင်မှထားတော့မှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

နိုင်ငံခြားဆေးမျိုးစုံရောင်းဝယ်တဲ့ဈေးကွက်မှာ  အိန္ဒိယနိုင်ငံထုတ် ဆေးဝါးတွေက ၃၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးတင်သွင်းနေပြီး ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ပြင်သစ်နဲ့ ဥရောပစတဲ့ နိုင်ငံတွေကနေလည်း တင်သွင်းနေပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံက ပြည်ပကနေ နိုင်ငံခြားဆေးဝါးမျိုးစုံ အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013