DVB Logo
Home
မြန်မာသတင်း
ဆားလုပ်ငန်းအရှုံးပေါ်မှုကြောင့် ဆားတောင်သူများ လျော့နိုင်
DVB
·
May 17, 2013
ဆားလုပ်ငန်းအရှုံးပေါ်မှုကြောင့် ဆားတောင်သူများ လျော့နိုင်
Donate to DVB

ဆားဈေးနှုန်းကျဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဆားတောင်သူတွေ အရှုံးပေါ် နေကြပြီး ဆားလုပ်ကိုင်သူတွေ လျော့နည်းမယ့်ခြေအနေ ရှိနေတယ်လို့ ဆားလုပ်ငန်းရှင် ဦးမောင်ကျင်က ပြောပါတယ်။

[caption id="attachment_39607" align="alignleft" width="300" caption="လပွတ္တာမြို့ ဆားလုပ်ငန်းခွင့်တခု (ဓာတ်ပုံ - ရိုက်တာ)"][/caption]

“ဆားထွက်နှုန်းက ဒီနှစ် သင့်တင့်လျောက်ပတ်တော့ မဆိုးပါဘူး။ ဒါပေမယ့် ကုန်ပစ္စည်းပဲထွက်တယ်၊ ဈေးနှုန်းက တအားကျသွားတယ်။ ထုတ်လုပ်မှုအောက်ဈေးမှာရှိတယ်။ ၁ ပိသာကို ၂၂-၂၃ ပတ်လည်လောက်ပဲရှိတယ်။ လုပ်သားပိုင်းက အလုပ်လုပ်နေရင် ပိုက်ဆံရတယ်၊ အလုပ်ရှင်ဘက်က အရှုံးပေါ်တယ်။ ဆားလုပ်ငန်းရှင် လာမယ့်နှစ် ဒါထက်ပိုနည်းသွားမယ်ထင်တယ်။ ၂၅ ရာခိုင်နှုန်းထက်မပိုလောက်ဘူး၊ ဒါတောင် တိုက်တိုက်တွန်းတွန်း သိပ်မမြင်ပါဘူး။”

ဆားတောင်သူတွေအနေနဲ့  ဆား ၁ ပိဿာအတွက် ထုတ်လုပ်မှုစရိတ် ၃၀ ကျပ်လောက် ကုန်ကျပေမယ့် ဆားဈေးကွက်မှာ  ၁ ပိဿာလျှင် ၂၀  ၀န်းကျင်သာ ပေါက်ဈေးရှိတဲ့အတွက် အရှုံးပေါ်နေကြတာပါ။

ဒါ့အပြင် လုပ်ငန်းရှင်အများစုဟာ ကိုယ့်ရဲ့ ငွေအရင်းအနှီးနဲ့ လုပ်ကိုင်တာမဟုတ်ဘဲ ငွေကို ချေးငါးယူရတဲ့အတွက် ငွေပြန်ဆပ်နိုင်အောင် ဆားထွက်ချိန်မျာ ရတဲ့ဈေးနဲ့ ရောင်းကြရတဲ့ အနေ အထားဖြစ်နေတယ်လို့ ပြောပါတယ်။

“ဈေးနှုန်းတခု တအားကျသွားတာက ဆားတွေ မယူနိုင်လောက်အောင် တအားပုံထွက်သွားလို့ဆိုတဲ့ အဆင့်မျိုးတော့ မဟုတ်ဘူး။ လုပ်ငန်းသုံးကတော့ သူ့ဟာသူ လည်ပတ်တဲ့အနေအထားပဲ။ လုပ်ငန်းရှင်ကို ပြန်အကြွေးဆပ်ရတဲ့အခါကျတော့ ဆားထွက်လာရင်ရောင်း၊ ရောင်းပြီး ပြန်လှုပ်ရှားရတာကိုး။ ကုန်သည်ဝယ်ဈေးက ပေါက်ဈေးလို့ပြောလို့ရတယ်။ နောက်နာဂစ်ပြီးတော့ လုပ်ငန်းရှင်တွေက ဆားသိုလှောင်ရုံ ကောင်းကောင်းမရှိဘူး။ ယာယီသိုလှောင်ရုံတွေက ခိုင်ခံ့မှု၊ တည်ငြိမ်မှုနဲ့ လုံခြုံမှုအားနည်းတယ်။ ဆားလေးထွက်လာရင် ရောင်းလိုက်၊ သုံးလိုက်။ နည်းနည်းပိုထွက်လာရင် အပြင်မှာထားရတယ်။ ရာသီက မိုးဘက်နီးသွားတော့၊ မိုးစိုလည်း မခံနိုင်ဘူးလေ။ သယ်ဖို့ အခက်အခဲရှိတယ်ဆို ဈေးကို လျှော့ရောင်းရတာပေါ့။”

ဧရာဝတီတိုင်းမှာ ဆားကွင်းပေါင်း ၇၀၀ ကျော်ရှိတဲ့ထဲက ဒီနှစ်မှာ သုံးချိုးတချိုးပဲ လုပ်ကိုင်ကြပြီး လာမယ့်နှစ်မှာ လုပ်ကိုသူ ဒီထက်လျှော့နည်းမယ့်အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဆားမထွက်ခင်က ဧရာဝတီတိုင်းဒေသကြီးကနေပြီး ဆားလုပ်ငန်းတွေ တအားနှိမ့်ကျမသွား ရေးအတွက် ဈေးကွက်တကွက်ရှာပြီး လုပ်ငန်းရှင်တွေကို ထိန်းမယ့်အကြောင်း ပျမ်းမျှအားဖြင့် ဆား ၁ ပိဿာကို ၃၅ - ၃၈ ကျပ်နဲ့ ၀ယ်မယ်လို့ ပြောဆိုခဲ့ပေမယ့် အဲဒီတိုင်းအတာနဲ့ ၀ယ်ယူခြင်း မရှိဘူးလို့လည်း ဦးမောင်ကျင်က ပြောပါတယ်။

ဧရာဝတီတိုင်းမှာ  နေလှန်းဆားချက်တဲ့လုပ်ငန်းတွေကို နှစ်စဉ် အောက်တိုဘာက စတင်လုပ်ကိုင်ကြပြီး ဇန်န၀ါရီမှာ ဆားကွင်းတွေကနေ ဆားထွက်ရှိလာကာ ဈေးကွက်တွေဆီကို တင်ပို့ရောင်းချပါတယ်။ မေလလယ် မိုးစရွာပြီဆိုရင်တော့ ဆားလုပ်ငန်းကို သိမ်းလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာ  ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ  ဆားချက်လုပ်ငန်းတွေ လုပ်ကိုင်ကြပြီး ဧရာဝတီတိုင်းကတော့ ဆားအများဆုံး ထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013