ပန်းတနော်တွင် ၉ နှစ်ကလေးအား အဆိပ်ကျွေးသတ်ပြီး ရွှေနားကပ်လုယူသူကို ဖမ်းမိ
DVB
·
June 25, 2020
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ သော်ကဇင်းကျေးရွာမှာ ဇွန်လ ၁၉ ရက်က အသက် ၉ နှစ်အရွယ် မတွယ်တာဦး(ခ)မိကောက်ကို အိမ်နီးနားချင်း အမျိုးသမီးက အဆိပ်ကျွေးသတ်ပြီး ရွှေနားကပ်လုယူမှုဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
အဆိပ်ကျွေးသတ်ခံရတဲ့ ကလေးငယ်မှာ ညီအစ်မတော်စပ်သူ တရွာတည်းနေ သူငယ်ချင်းတွေနဲ့ ဆော့နေချိန်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ကလေးများလူစုခွဲပြီးပြန်ချိန်မှာ မိခင်ဖြစ်သူက သမီးဖြစ်သူပြန်ရောက်မလာလို့ လိုက်ရှာရင်း နေအိမ်အနောက်ဘက် ပေ ၃၅၀ အကွာလောက်မှာ ပါးစပ်သွေးထွက်ကာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက "ကလေးက တူတူပုန်းတန်းဆော့ရင်း ပျောက်သွားတာ ပြန်တွေ့တော့ ကလေးက အသက်မရှိ တော့ဘူးလို့ သိရတယ်။ သူ့အမေကိုယ်တိုင်ရဲစခန်းကို လာအမှုဖွင့်တာပါ။ တရားခံကိုလည်း ဖမ်းမိထားပါပြီ။ တရားဥပဒေအရ အရေးယူဆောင်ရွက်တာတွေ ပြုလုပ်သွားမှာပါ"လို့ ပြောပါတယ်။
ကလေးငယ်ကို ပြန်တွေ့ချိန်မှာ နားမှာ တန်ဖိုး ကျပ် ၁၅၀၀၀၀ ခန့်ရှိ ရွှေနားကပ် တရံပျောက်ဆုံး နေတာကို သိရှိခဲ့ပြီး ကလေးငယ်အလောင်းကို ရဲဆေးစာနဲ့အတူ ဆေးရုံပို့ဆောင်ခဲ့ပြီး ရဲစခန်းမှာ မိခင်ဖြစ်သူကိုယ်တိုင် လာရောက်အမှုဖွင့်တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။
အသက် ၉ နှစ်အရွယ် ကလေးငယ် တူတူပုန်းတန်းဆော့ကစားနေစဉ် တရွာတည်းနေ အသက် ၂၈ နှစ်အရွယ် မသင်းသင်းဝေဆိုသူက ကွမ်းခြံအတွင်းကို ခေါ်ဆောင်သွားတာတွေ့တယ်လို့ ကလေး တဦးရဲ့ ပြောပြချက်အရ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
စစ်ဆေးချက်အရ ကလေးငယ်များဆော့ကစားနေစဉ် သေဆုံးသူကလေးငယ်ကို ငရုတ်သီးခူးမယ်ဆိုပြီး ခေါ်ဆောင်ခဲ့ပြီးနောက် သကြားလုံးစားမလားလို့ ကလေးကို မေးကာ သကြားလုံးပုံစံပြုလုပ်ထားတဲ့ ပိုးသတ်ဆေးကျွေးကာ ကလေးသတိလစ်လဲကျသွားစဉ် နားကပ်ကိုဖြုတ်ယူပြီး ပြန်လာခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
ကလေးငယ်သေဆုံးအောင်ပြုလုပ်ပြီး ရွှေနားကယ်လုယူခဲ့သူ မသင်းသင်းဝေအား ပန်းတနော် မြို့မရဲစခန်းမှာ (ပ) ၃၄၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၂ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
အလားတူဖြစ်စဉ်မျိုး မအူပင်မြို့နယ်၊ ဘီးလင်းကျေးရွာမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ က ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်မှာတော့ ၇ နှစ်အရွယ်ကလေးအား သတ်ကာ ရွှေနားကပ်လုယူခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် မျိုးဇော်ဆိုသူကို ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှာ မအူပင် ခရိုင်တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
မင်းထက်မုန်း (ပုသိမ်)