DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဦးစိုးမောင် တိုင်တန်းမှုဖြင့် ဖမ်းထားသူများကို မေ ၂၇ ရက် ရုံးတင်မည်
DVB
·
May 17, 2013
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲမှာ တောင်ယာခုတ်တဲ့ရွာသားတွေကို တောမီးရှို့မှုနဲ့ ရဲစခန်းမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင် တိုင်ကြားထားတဲ့ အမှုကို မေလ ၂၇ ရက်နေ့ တရားရုံးတင်မယ်လို့ ရဲစခန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ ပင်လောင်းမြို့နယ် ကိုးကွေ့ရွာနားက နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်တဲ့ သရက်ပင်တွေ တောမီးလောင်တဲ့အထဲ ပါဝင်ပျက်စီးသွားတဲ့အတွက် အဲဒီအနီးက တောင်ယာခုတ်သူ ကိုးကွေ့ရွာသား ၇ ဦးနဲ့ တောင်ကျ ရွာသား ၄ ဦးကို မီးလောင်မှုမှာ ပတ်သက်တယ်လို့ စွပ်စွဲပြီး အရေးယူပေးဖို့ တိုင်ကြားတဲ့အတွက် ပင်လောင်းရဲစခန်းက ဖမ်းဆီးခဲ့တာပါ။

ပင်လောင်ရဲစခန်း တာဝန်ရှိသူတဦးက “သူတို့ကို အပေါ်ကနေ တိုင်စာနဲ့ အမှုဖွင့်ခိုင်းလို့ ကျနော်တို့ စခန်းမှာချုပ်ပြီး အမှုဖွင့်ထားပါတယ်။ သမ္မတရုံးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးမောင်ကနေပြီး တိုင်စာနဲ့ ပေးထားတယ်ခင်ဗျ။ ၂၇ ရက်နေ့ကို ကျနော်တို့ တရားရုံး တင်ပေးရမှာ။ ရမန်ကြီး ၂ ပတ်။ ရဲလုပ်ငန်းအကုန်စင်အောင် လုပ်ရမှာ” လို့ ပြောပါတယ်။

ရွာသားတွေကို မတရားဖမ်းဆီးထားတာဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကယန်း နဲ့ ကရင်နီ အဖွဲ့အစည်းတွေက ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ခေါင်းဆောင် ခွန်းဘီဒူးက “ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတခု၊ အာဏာဖီဆန်မှု၊ နယ်မြေကျူးကျော်တာတွေ ပုဒ်မ ၆ ခုလောက်နဲ့ ဖြစ်ပါတယ်။ ရွာသားတွေကို မတရားဖမ်းပြီး ပုဒ်မတွေလျှောက်တပ်တာမျိုးက မလုပ်သင့်ဘူး” လို့ ပြောပါတယ်။

ဝန်ကြီး ဦးစိုးမောင်ရဲ့ သရက်ပင်တွေမီးလောင်တဲ့ နေရာနဲ့ ရွာသားတွေတောင်ယာခုတ်တဲ့ နေရာဟာ အင်မတန်ဝေးကွာပြီး အလယ်မှာ ချောင်း ၃ ချောင်း ခြားနေသလို အဖမ်းခံရွာသားတွေဟာ တောမီးကို မရှို့ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပင်လောင်ရဲစခန်း တာဝန်ကျ ရဲအရာရှိက ရွာသားတွေ အပြစ်ရှိမရှိ တချို့တ၀က် စစ်ဆေးပြီးပြီလို့ ပြောပါတယ်။

“လောလောဆယ် သူတို့ရှို့တဲ့နေရာတော့ ပြတယ်။ အခင်းနဲ့တော့ နည်းနည်းဝေးပါတယ်။ တောမီးတော့ တောမီးပဲ။ သူတို့က တောင်ယာခုတ်တာ။ တောမီးက လေ့သင့်ရာလောင်တာ ဆိုတော့ ကျနော်တို့က မျက်မြင်သက်သေကလည်း မရှိ၊ တိုင်ထားတဲ့သူကတော့ အတိအကျ တိုင်ထားပါတယ်။ စွဲတင်ပြီးရင်တော့ အခြေအနေက ပြောင်းရင် ပြောင်းသွားမှာပေါ့။”

အဲဒီနေရာဟာ ပေါင်းလောင်းကြိုးဝိုင်းနဲ့လည်း နီးတဲ့အတွက် ရွာသားတွေ  တောင်ယာမခုတ်ဖို့လည်း ဒီနှစ် ဖေဖော်ဝါရီလတုန်းက ၀န်ခံချက် လက်မှတ်ထိုးခဲ့ရတယ်လို့ ခွန်းဘီဒူးက ဆိုပါတယ်။

သူတို့လွတ်မြောက်ရေးအတွက် ကယန်းအမျိုးသားပါတီကရော ကယန်းလူငယ်အဖွဲ့တွေပါ သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၊ မြို့နယ်မှူး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ရုံး စသဖြင့် ချဉ်းကပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ၀န်ကြီးရဲ့ သရက်ပင်ပေါင်း ၅၀ ကျော် ဆုံးရှုံးတာကို နယ်မြေခံ တောအုပ်ကြီး၊ ရဲမှူး နဲ့ ရာအိမ်မှူးတို့က စစ်ဆေးတွေ့ရှိခဲ့ပေမယ်လည်း ၀န်ကြီးကိုယ်စားလှယ် ဦးစိုးမင်းထွေးက သရက်ပင် ၅၀၀ ကျော်ဆုံးရှုံးမှုနဲ့ ဖမ်းဆီးအရေးယူပေးဖို့ တိုင်တမ်းခဲ့တာလို့ ခွန်းဘီဒူးက ပြောပါတယ်။

ရွာသားတွေ ပြန်လွတ်လာရေးအတွက် ကယန်းအဖွဲ့အစည်းက ရှေ့နေငှားရမ်းပြီး အမှုမှန်ပေါ်ရေး ကြိုးပမ်းသွားမှာဖြစ်သလို တရားရင်ဆိုင်ပြီးမှ ရွာသားတွေ မလွတ်လာဘူးဆိုရင် သတင်းစာရှင်းလင်းပွဲ၊ ဆန္ဒပြပွဲတွေ တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မေ ၁၇ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး၊ ကယန်းအမျိုးသမီးများအစည်းအရုံး၊ ကောင်ရွေ လူမှုလှုပ်ရှားမှုဆောင်ရေးရေး ကွန်ရက်အဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း  ၆ ခုက ၀ိုင်းဝန်းတောင်းဆိုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013