ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် စိုးရိမ်စိတ်မရှိဟု ရီးရဲလ်နည်းပြ ဇီဒန်းပြော

လာလီဂါ ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် စိုးရိမ်စိတ်မရှိတဲ့အကြောင်းနဲ့ ရေးဆွဲထားတဲ့အတိုင်း လက်ခံဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။  အသစ်ထပ်မံရေးဆွဲထားတဲ့ပွဲစဉ်ဇယားမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲစဉ် ၃၃ နဲ့ ၃၄ ကို ၇၂ နာရီအတွင်း ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီကိစ္စကို အသင်းဘက်က လာလီဂါတာဝန်ရှိသူတွေ ထံ စောဒကတက်ခဲ့ပါတယ်။ ပွဲစဉ် ၃၃ နဲ့ ၃၄ တို့မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂီတာဖေးနဲ့ ဘီဘာအိုလ်အသင်းတို့ကို ၇၂ နာရီ အတွင်းယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် အနီးကပ်ဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းကတော့ အက်သလက်တီကိုအသင်းနဲ့ ဗီလာရီးရဲလ်အသင်းတို့ကို ငါးရက်ခြားကာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ရီးရဲလ်နဲ့ဘာစီလိုနာတို့ဟာ ဒီရာသီလာလီဂါချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြရတဲ့အသင်း‌တွေ ဖြစ်ပြီးတော့ ပွဲစဉ်ဇယားရေးဆွဲမှုဟာ ရီးရဲလ်အသင်းအပေါ်  တဖက်သတ်ဆန်နေတယ်လို့ အသင်းရဲ့တာဝန်ရှိသူတွေက ယူဆနေကြပါတယ်။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့သတင်းတွေအရ ရီးရဲလ်အသင်းဟာပွဲစဉ် ၃၅ မတိုင်ခင်အထိ ဘာစီလိုနာ အသင်းထက် ၂၆ နာရီလောက် ပိုမိုအနားရထားပြီး ရီးရဲလ်အသင်း နည်းပြ ဇီဒန်းကလည်း ပွဲစဉ်ဇယားထက် ဇယားအတိုင်း ကြိုတင်ပြင်ဆင်မှုတွေကိုသာ ပိုမိုအာရုံစိုက်ဆောင်ရွက်နေပါတယ်။ “ကျနော့်အလုပ်က အရင်ကတည်းကရှုပ်ထွေးပြီးသားပါ။ နောက်ပြီးကျနော်ဟာ ကစားပွဲတွေအတွက်လည်းစိုးရိမ်မှုရှိပါတယ်။ ဒါဟာဗိုလ်လုပွဲစဉ်တွေလိုပါပဲ။ ကျနော်တို့ နောက်ထပ် ရှစ်ပွဲ ထပ်ကန်ရမှာဖြစ်ပြီးတော့ ဒီပွဲတွေအကုန်လုံးက အရေးကြီးပါပဲ။ ကျနော် ဒါကိုပဲ စိတ်ဝင်စားပါတယ်” လို့ ဇီဒန်းက ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ပွဲစဉ်မှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိ ခဲ့တာကြောင့် အနီးဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းကို ကျော်လွန်ပြီး လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up