အိန္ဒိယ-တရုတ် နယ်စပ်တွင် အိန္ဒိယစစ်သည်များ ကင်းလှည့်

အိန္ဒိယစစ်တပ်က မော်တော်ယာဉ်တွေနဲ့ စစ်သည်တွေဟာ တရုတ်နဲ့ နယ်စပ်မှာ  ကင်းလှည့်နေပါတယ်။ အရင်တပတ်က အငြင်းပွားနယ်မြေပေါ်မှာ ရန်ပွဲဖြစ်လို့ အိန္ဒိယစစ်သည် အယောက် ၂၀ သေဆုံးအပြီး တင်းမာမှု ပြေလျော့စေရေး ဆောင်ရွက်ဖို့ နှစ်နိုင်ငံ အာဏာပိုင်တွေက သဘောတူထားပါတယ်။ ဂယ်လ်ဝမ်တောင်ကြားမှာ ဇွန် ၁၅ ရက်က ရုန်းရင်းဆန်ခတ်မှုအတွင်း နှစ်ဖက်လုံးက စစ်သည်တွေက တဖက်နဲ့တဖက် ကျောက်တုံးတွေ သံချောင်းမြှုပ်ထားတဲ့ သစ်သားတုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြပါတယ်။ အထိအခိုက်မခံတဲ့ တောင်တန်းဒေသ ရှေ့တန်းနယ်မြေမှာ သေနတ်သုံးမှု ရှောင်ရှားရေး ကာလကြာရှည် စောင့်ထိန်းခဲ့တဲ့ ကျင့်ဝတ်ကိုတော့ နှစ်ဘက်လုံးက လိုက်နာ ကျင့်သုံးခဲ့ကြပါတယ်။ အဲဒီပဋိပက္ခအတွင်း တရုတ်ဘက်က ၄၀ ဦး သေတယ်ဆိုတဲ့ လတ်တလော မီဒီယာ အစီရင်ခံစာတွေက သတင်းအတုတွေလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ဇွန် ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နှစ်နိုင်ငံ စစ်သည်တွေ ဆက်ပြီး ပဋိပက္ခမဖြစ်တော့ဘူးလားလို့ မီဒီယာတွေက မေးရာမှာတော့ သက်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဒေသတွင်း နှစ်ဘက် နယ်ခြားစောင့်တပ်တွေက ဆောင်ရွက်နေတယ်လို့ ပြန်ဖြေပါတယ်။ တင်းမာမှု ပြေလျော့စေရေး ဘယ်လို လုပ်ရပ်တွေ လုပ်မယ်ဆိုတာ နှစ်ဖက်စလုံးက အသေးစိတ် မပြောပေမယ့် ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်လို့ ကျောက်လိကျင်းက ပြောပါတယ်။ နျူကလီးယား လက်နက်ပိုင်ရှင် အိမ်နီးချင်း နှစ်နိုင်ငံကြား လတ်တလော ရန်ပွဲဟာ နှစ်ငါးဆယ်ကျော်အတွင်း လူအသေအများဆုံး ရန်ပွဲ ဖြစ်ခဲ့တာပါ။ အိန္ဒိယနိုင်ငံထဲမှာလည်း ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ တရုတ်ဆီက ကုန်စည်တွေကို သပိတ်မှောက်ရေး ဆော်သြနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up