တစ်ပါတီအာဏာသိမ်းစနစ်ကို ဖယ်ခွာချိန်တန်ပြီလား

တကယ်တော့ တစ်ပါတီစနစ်ဟာ ပျင်းရိငြီးငွေ့စရာကောင်းလှပါတယ်။ အပြနဲ့ တင်ဆက်တာ မဟုတ်ဘဲ  အပြောနဲ့ တင်ဆက်တဲ့ ရုပ်ရှင်ကားကို အကြိမ်ကြိမ်အခါခါ မကြည့်မဖြစ် ကြည့်နေရသလိုပါပဲ။ ကြည့်ရှုပြီး ဇာတ်ကားတွေမဆိုထားနဲ့၊ တချို့ဇာတ်ကားတွေဟာ ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာ ကြိုသိနေရတာ အရသာမဲ့လွန်းပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ပါတီစနစ်လည်း ဒီအတိုင်းပါပဲ။ ဒီမိုကရေစီစနစ်ကို အများနဲ့မတူ တမူထူးရေးဆွဲထားတဲ့  ၂၀ဝ၈ ဖွဲစည်းပုံအခြေခံဥပဒေအလိုအရ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ (၁) (၂) တို့ ရွေးချယ်ပွဲကိုပဲကြည့်ပါ။ နိုင်ငံတော်သမ္မတအမည်စာရင်း လွှတ်တော်ကိုတင်သွင်းပြီဆိုကတည်းက သမ္မတက ဘယ်သူဖြစ်မယ်၊ ဒုတိယ သမ္မတ (၁)က ဘယ်သူဖြစ်မယ်၊ ဒုတိယသမ္မတ (၂)က ဘယ်သူဖြစ်မယ်ဆိုတာ ပြည်သူက ကြိုသိပြီးသားပါ။ ဆန္ဒမဲအသာစီးရတဲ့ ပါတီဘက်က တင်သွင်းတဲ့ သမ္မတလောင်းနှစ်ဦးမှာ တစ်ဦးက နိုင်ငံတော်သမ္မတဖြစ်မယ်၊ ဒုတိယသမ္မတ (၂) က တစ်ဦးဖြစ်မယ်၊ တပ်မတော်က အမည်စာရင်းတင်သွင်းသူက ဒုတိယသမ္မတ (၁) ဖြစ်မယ်။ ကြိုသိပြီးသားကိစ္စကို တရားဝင်ဖြစ်အောင် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြရတယ်။ ရလဒ်က ပြည်သူထင်ထားတဲ့အတိုင်း စိုစိမျှမလွဲပါဘူး၊  ချဲသမားစကားနဲ့ပြောရရင် ကလင်ဒါကျပါပဲ။ ချွင်းချက်အနေနဲ့ ပြည်သူအများစု ကြိုမသိနိုင်တာက ဘယ်သူက နိုင်ငံတော်သမ္မတ ဘယ်သူက ဒုတိယသမ္မတ (၂) ဆိုတာပါ။ အနိုင်ရပါတီနဲ့ နီးစပ်သူတွေနဲ့ လွှတ်တော်အမတ်တွေကတော့ သိပြီးသားပါ။ တကယ်ဆိုရင် လွှတ်တော်မှာ အသာစီးရတဲ့ပါတီက နိုင်ငံတော် သမ္မတက ဘယ်သူ၊ ဒုသမ္မတ (၁)ကဘယ်သူ၊ ဒုသမ္မတ (၂) က ဘယ်သူ့ကို ခန့်အပ်မယ်ဆိုတာ ထုတ်ပြန်ကြေညာလို့ရပေမဲ့ ခြေဥအလိုအရ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရတော့ လွှတ်တော်စရိတ်ကုန်တာသာ အဖတ်တင်ပါတယ်။ စိတ်ဝင်စားတဲ့ပြည်သူအတွက်ကတော့ ရင်ခုန်စရာကနည်းနည်းမှမရှိတဲ့ မဲစနစ်ပါ။ ဒါပဲလားဆိုတော့ မဟုတ်ပြန်ဘူး၊ လွှတ်တော်မှာ အဆိုတင်သွင်းတာ၊ မဲခွဲဆုံးဖြတ်တာတွေမှာလဲ ဘယ်လိုအဖြေထွက်မယ်ဆိုတာ ပြည်သူကကြိုသိပြီးသားပါ။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအရ မဲခွဲဆုံးဖြတ်ရပြန်တယ်။ အကြိတ်အနယ်လိုလို ဘာလိုလိုနဲ့ပေါ့။ နောက်ဆုံး ထွက်လာတဲ့အဖြေက ကြိုသိထားတဲ့အတိုင်းပါပဲ။ လွှတ်တော်မှာ အတိုက်အခံပါတီကတော့ ရှုံးမြဲပါ။ နိုင်သွားခဲ့ရင်လည်း နိုင်ငံရေးလှည့်ကွက်တစ်ခုခု ဒါမှမဟုတ် ခြေဥအလိုအရ အသာစီး တစ်ခုခုကြောင့်ပါပဲ။ တကယ်တော့ တစ်ပါတီစနစ်မှာ လွှတ်တော်ဟာ ဟန်ပြလို့ ပြောလို့ရပါတယ်။ လွှတ်တော်နဲ့အစိုးရ အပြန်အလှန် ထိန်းကျောင်းတယ်ဆိုတာ လူကြားကောင်းအောင်ပြောတဲ့ ဒီမိုကရေစီ စကားလုံးမျှသာပါ။ ပါတီခေါင်းဆောင်ကသာ လွှတ်တော်နဲ့ အစိုးရကို ခြယ်လှယ် အုပ်ချုပ်တာပါ။ ဥပမာ- စီမံကိန်းတစ်ခုခု၊ ချေးငွေတစ်ခုခု ရယူလုပ်ကိုင်ဖို့ အစိုးရက လွှတ်တော်ကိုတင်ပါတယ်၊ ဒါကို လွှတ်တော်က အတည်ပြုပေးရပါတယ်။ ကန့်ကွက်သူရှိခဲ့ရင်လည်း ကိုယ်စားလှယ်အနည်းစုသာ ဖြစ်ပါလိမ့်မယ်။  စနစ်ကိုက လူများအဆိုနိုင်မို့ သင့်လျော်သည်ဖြစ်စေ မသင့်လျော်သည်ဖြစ်စေ ကိုယ်စားလှယ်နေရာအများစုရရှိထားတဲ့ပါတီက နိုင်တာပါပဲ။ ဒါကိုကန့်ကွက်ပါ။ ဒါကိုထောက်ခံပါဆို တဲ့ ကြိုတင်အမိန့်ကို လွန်ဆန်လို့မရတဲ့အခြေအနေပါ။ ဒီလိုလုပ်၊ ဒီလိုပြော မူဝါဒအောက်မှာသာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်နဲ့အစိုးရက ရပ်တည်တာတွေ့ရတယ်။ အဲ့သလိုမဟုတ်ပဲ အမှားကို ထောက်ပြဝေဖန်တာ၊ အားနည်းချက်ကို ထုတ်ဖေါ်ပြောဆိုတာ၊ သွေဖီတာမျိုးတွေလုပ်ခဲ့ရင် ပါတီက ထုတ်ပယ်ခံရတဲ့အထိ သက်ညှာဆုံးအရေးယူခံရမှာပါ။ ဒီထက်ရာထူးကြီးမယ် ပြဿနာလည်းကြီးမယ်ဆိုရင်တော့ သူရဦးရွှေမန်းလို ပြည်သူအထိတ်တလန့်ဖြစ်စေတဲ့အထိ အရေးယူ ခံရမှာပါ။ ပါတီခေါင်းဆောင်က လွှတ်တော်နဲ့အစိုးရကိုအုပ်ချုပ် ချယ်လှယ်တာဟာနိုင်ငံအရေးကိစ္စကို တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ချက်နဲ့လုပ်ဆောင်နေသလိုပါပဲ။ တစ်ဦးတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ကို တရားဝင်ပုံစံဖြစ်အောင် လွှတ်တော်က အတည်ပြုပေးရတာ တစ်ပါတီစနစ်ရဲ့အားနည်းချက်ပါပဲ။ လွှတ်တော်မှာ အသာစီးရထားတဲ့ပါတီ နိုင်မယ်မှန်းသိနေပေမဲ့ မဲခွဲဆုံးဖြတ်တဲ့အလုပ်ကို လွှတ်တော်က လုပ်နေကြရတာကိုမြင်နေရတဲ့ ပြည်သူတစ်ယောက်အတွက်တော့ ငြီးငွေ့စရာကောင်းလှပါတယ်။ ဒေသန္တရအစိုးရတချို့ဆိုရင်  လွှတ်တော်ကို အဖက်လုပ်စရာလို့တောင် သတ်မှတ်ထားပုံမပေါ်ပါဘူး။ ကိုယ့်မင်းကိုယ့်ချင်း  ကိုယ့်မြင်းကိုယ်စိုင်း လုပ်တတ်ကြပါတယ်။ ပါတီခေါင်းဆောင်နဲ့အဆင်ပြေဖို့သာ အဓိကဦးတည်ကြတာပါ၊ ပါတီခေါင်းဆောင်နဲ့အဆင်ပြေရင် လွှတ်တော်ဆိုတာ သူတို့အတွက် လူပိုတွေလို့ယူဆထားပုံရပါတယ်။ များသောအားဖြင့် တစ်ပါတီစနစ်ဟာ တရားမျှတမှုကို လိုသလိုပုံသွင်းတတ်ကြပါတယ်။ တစ်ပါတီဟာ လူကအုပ်ချုပ်တဲ့ပုံစံမျိုးတွေဖြစ်တတ်တာကြောင့်ပါ၊ ဥပဒေချိုးဖောက်တာခြင်းအတူတူ တချို့အရေးယူခံရပြီး တချို့ကတော့ ဥပဒေကင်းလွတ်မှု ရရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၇ ခုနှစ်မှာ တစ်ပါတီစနစ်ကျင့်သုံးခဲ့ဖူးပါတယ်။ ဖဆပလပါတီက ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တာကြောင့် တစ်ပါတီအုပ်ချုပ်ခွင့်ရခဲ့တာပါ။ ဆိုးကျိုးအနေနဲ့ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အလျှိုလျှိုပေါ်ထွက်လာပြီး ၁၉၄၈ မှာပြည်တွင်းစစ်ကြီးမားခဲ့ပါတယ်။ ရလဒ်ကတော့ ပြည်သူတွေ စစ်ဘေးသင့်ခဲ့ရတယ်။ ခုချိန်အထိ တိုင်းရင်းသားဒေသတွေမှာ စစ်ရှောင်စခန်းအသစ်တွေ ဖွင့်လှစ်နေရတုန်းပါပဲ။ ဒီနောက် ၁၉၈၈ ခုနှစ်မတိုင်ခင်အထိ မဆလ တစ်ပါတီအာဏာရှင်စနစ်နဲ့ ကြုံခဲ့ရပြီး ၂၀၁၀ နောက်ပိုင်းမှာတော့ တစ်ပါတီကြီးစိုးတဲ့ အတွေ့အကြုံကို နှစ်ကြိမ်ကြုံခဲ့ပါပြီ။ ဆယ်စုနှစ်တစ်စုကို ချည်းကပ်လာချိန်အထိ အဖြူ အမည်းသဲကွဲတဲ့ ပြောင်းလဲမှုမျိုးမရှိသေးဘူးလို့ဆိုနိုင်ပါတယ်။ လက်တွေ့သာဓကအရ ပြည်သူပိုင်ငွေကြေးကို အုပ်ချုပ်ခွင့်ရရှိသူတွေ လက်ဝါးကြီးအုပ်ခံရတာသာ ရှိပြီး စစ်ဘေးရှောင်တွေ အိမ်မပြန်နိုင်သေးပါဘူး။ တိုက်ပွဲတွေ အရှိန်ကောင်းနေတုန်းပါပဲ။ ငွေကြေးတွေ ဖောင်းပွနေတုန်းပါပဲ။ ကုန်ဈေးနှုန်းကလည်း ဒုန်းကျည်ကို အမီလိုက်နေတုန်းပါပဲ။  မူးယစ်ဆေးဝါးတွေလည်း ပေါကြွယ်ဝနေတုန်းပါ။ သစ်တောပြုန်းတီးမှုလည်း အားကောင်းနေဆဲ၊ သံယံဇာတတွေဟာလည်း တရားဝင်တစ်မျိုး တရားမဝင်တစ်မျိုးနဲ့ ပါးလျလာပါတယ်။ သိသာထင်ရှားတာကတော့ နိုင်ငံရေးအားပြိုင်မှုတွေပါပဲ၊ မှားတာ မှန်တာကို ချင့်ချိန်တွေးခေါ်ပြောဆိုတာမျိုး မရှိဘဲ အာဏာရရှိရေးအတွက် လူပြိန်းကြိုက် ပြောဆို ဆန့်ကျင်တာမျိုးတွေ၊ တပွဲတိုးပုတ်ခတ်ပြောဆိုတာတွေ၊ မဖြစ်နိုင်မှန်းသိလျှက်နဲ့ နှုတ်ကတိပေးတာတွေသာ လှိုင်လှိုင်ကြားနေရပါတယ်။ ဒါတွေဟာ တစ်ပါတီအာဏာရရှိရေးကို ရှေးရှုကြတာဖြစ်ပြီး လက်တွေ့ဆန်မှုက ရာခိုင်နှုန်းအလွန်နည်းပါးလွန်းပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ တစ်ပါတီအာဏာအပ်နှင်းရေးကို ဖယ်ခွာချိန်တန်ပြီလားဆိုတာ စဉ်းစားရမယ့် အချိန်ရောက်ပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ တစ်ပါတီစနစ်ကို ဖယ်ခွာပြီး  ညွန့်ပေါင်းစနစ် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ တိုင်းရင်းသားပါတီအများစုက မျှော်လင့်ကြတယ်။ တိုင်းရင်းသားပါတီ ၁၂ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) က ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တာတွေ ရှိနေပါတယ်။ လက်ရှိအခြေအနေကလည်း တစ်ပါတီအာဏာရရှိရေးဟာ ရာခိုင်နှုန်း‌ နည်းပါးနေတာ တွေ့ရပါတယ်။ ပါတီကြီးနှစ်ခုဟာ အစိုးရအတွေ့အကြုံ တစ်ကြိမ်စီရခဲ့ပြီးပြီမို့ အားနည်းချက်တွေ ပေါ်လွင်လာတဲ့အပေါ်မှာ ပြည်သူရဲ့ယုံကြည်ကိုးစားမှုပါ လျော့ကျလာတာပါ။ ပါတီတစ်ခုချင်းမှာ မတူညီတဲ့အားနည်းချက်ကို ပြည်သူသိနေတာမို့ ဒီနေရာမှာ အကျယ်တဝင့်မပြောလိုတော့ပါဘူး။ ခုအချိန် ပြည်သူအကြားမှာ “ဘယ်သူ့ကို မဲပေးရမလဲ” ဆိုတဲ့ ဝေဝါးသံတွေ ထွက်ပေါ်လာပါပြီ။ ဒါဟာ ညွန့်ပေါင်းဖြစ်လာနိုင်ချေရှိတဲ့ လက္ခဏာဖြစ်ပါတယ်။   နောက်ထပ်လက္ခဏာတစ်ခုကတော့ ရှစ်လေးလုံးဦးကိုကိုကြီး၊ ပီသုံးလုံး ဒေါ်သက်သက်ခိုင်နဲ့  သူရဦးရွှေမန်းတို့လို လူသိများတဲ့ခေါင်းဆောင်တွေ ဦးဆောင်တဲ့ပါတီတွေ အားကောင်းလာတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ ၂၀၁၀ နဲ့ ၂၀၁၅ ကလို ပါတီတစ်ခုတည်းက သောင်ပြိုကမ်းပြို အနိုင်ရဖို့ အလားအလာ နည်းပါးတာပါပဲ။ တချိန်က ရွေးချယ်စရာ နည်းပါးတာရယ်၊ မက်လုံးတွေအပေါ်မှာ ယုံကြည်ကိုးစားခဲ့တာတွေကြောင့် ပါတီတစ်ခုတည်းအတွက် လက်သန်းပြာခဲ့သူတွေဟာ အခုရွေးချယ်စရာ ပေါများလာပြီမို့ ကိုယ်ယုံကြည်ရာပါတီကို ဆန္ဒမဲတွေ ပြန့်ကွဲသွားမှာပါ။ ဆန္ဒမဲ ပြန်ကွဲခဲ့ရင် ပါတီတစ်ခုတည်းက အစိုးရဖွဲ့နိုင်လောက်တဲ့ပမာဏ ပြည့်မီအောင် ဆန္ဒမဲရရှိဖို့ မသေချာတော့ပါဘူး။ တစ်ပါတီအစိုးရဖွဲ့နိုင်ဖို့က ပါတီတစ်ခုတည်းက လွှတ်တော်ကိုယ်စားလှယ် ၃၃၃ ဦးနဲ့အထက် ရရှိဖို့လိုပါတယ်။ ဒီပမာဏဟာ ပြည်ခိုင်ဖြိုးပါတီအတွက်တော့ ခြွင်းချက်ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဘက်မှာ ရွေးကောက်ခံစရာမလိုတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အပိုင်ရှိနေလို့ပါပဲ။ ကျန်ပါတီတွေအနေနဲ့ ၃၃၃ ဦးနဲ့အထက်မရခဲ့ရင် တစ်ပါတီအစိုးရဖွဲ့ခွင့် မရတော့ပါဘူး။ ဒါကြောင့် ၂၀၂၀ မှာ ညွန့်ပေါင်းအစိုးရ အလားအလာများနေတာပါ။ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်မယ်ဆိုရင်ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာ၊ တိုင်းရင်းသား တန်းတူရေး ပြဿနာ၊ အခြားစီးပွားရေး အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်မယ်လို့လည်း ပါတီငယ်တချို့က ယူဆကြပါတယ်။  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်ထဲကနေ ညွန့်ပေါင်းအစိုးရဖွဲ့မယ်ဆိုရင်— - (၁) NLD နဲ့ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ - (၂) တပ်မတော်၊ တိုင်းရင်းသားပါတီများနဲ့ ပြည်မပါတီများ ညွန့်ပေါင်းအစိုးရ - (၃)NLDနဲ့ အခြားပြည်မပါတီများ ညွန့်ပေါင်းအစိုးရ စသဖြင့် တွက်ချက်သုံးသပ်တာတွေ ရှိနေပါတယ်။ ဖော်ပြပါသုံးမျိုးထဲမှာမှ နံပါတ် (၁) ကို ဖြစ်နိုင်ခြေ ရာခိုင်နှုန်းများပြားလိမ့်မယ်လို့ဆိုပါတယ်။ အန်အယ်လ်ဒီပါတီဟာ တိုင်းရင်းသားပါတီတွေကို ဆက်ဆံရေးပြောင်းလဲပြီး ရာထူးကြီးကြီးနဲ့ နေရာများများပေးနိုင်ခဲ့မယ်ဆိုရင် ညွန့်ပေါင်းဖွဲ့ဖို့ ကမ်းလှမ်းခံရတဲ့တိုင်းရင်းသားပါတီက လက်ခံနိုင်ခြေရှိတယ်လို့ ယူဆတာပါ။ နံပါတ် (၂) ကို ဖြစ်နိုင်ခြေ ဒုတိအဆင့်လို့ဆိုပါတယ်။ တပ်မတော်၊ တိုင်းရင်းသားပါတီများနဲ့ ပြည်ခိုင်ဖြိုးအပါအဝင် အခြားပြည်မပါတီတွေ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအစိုးရ ကာလတလျှောက်လုံး ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၂၀ ဟာ တက်ညီလက်ညီ ပူးတွဲကြေညာချက်တွေ ထုတ်ခဲ့တာကိုကြည့်ရင် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ဦးဆောင်မှုနဲ့ တခြားပါတီတွေ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်လို့ ယူဆတာပါ။ နံပါတ် (၃) ကိုတော့ အန်အယ်လ်ဒီက စဉ်းစားမှာ မဟုတ်ပါဘူး။ နံပါတ်(၁)ကို ဦးစားပေးဖြစ်နိုင်ခြေ နံပါတ် (၂) ကို ဒုတိယဖြစ်နိုင်ခြေလို့ ခန့်မှန်းထားပေမဲ့ မထင်မှတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်ဆိုရင် တပ်မတော်က ကိုယ်စားလှယ်ဦးရေ ၁၆၆ ဦး (၂၅ ရာခိုင်နှုန်း) အော်တိုရရှိထားပြီးဖြစ်လို့ပါ။ ဒါဟာ ပြည်ခိုင်ဖြိုးအတွက် အားသာချက် ဖြစ်ပါလိမ့်မယ်။ လက်ရှိအချိန်မှာလည်း ပြည်ခိုင်ဖြိုးဟာ ပါတီဝင်အသစ်တွေ ထပ်တိုးနေပြီမို့ လျှော့တွက်လို့မရတဲ့ သ‌ဘောရှိပါတယ်။ ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၂၀ က ၁၆၇ နေရာရရှိရုံနဲ့ ပြည်ခိုင်ဖြိုးဦးဆောင်တဲ့ ညွန့်ပေါင်း ဖြစ်လာမှာပါ။ အန်အယ်လ်ဒီပါတီဟာ မဟာမိတ်ပါတီမရှိတာမို့ တစ်ပါတီစနစ်ပဲ ဖြစ်ဖြစ်၊ ညွန့်ပေါင်းဦးဆောင်နိုင်ရေးပဲဖြစ်ဖြစ် သတ်မှတ်ကိုယ်စားလှယ်ဦးရေ ပြည့်မီရေးအတွက် အကြိတ်အနယ် ကြိုးစားရပါလိမ့်မယ်။ ။ ဇွဲဝဏ္ဏ(ကျုံပျော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up