ပုဒ်မ ၄၀၁ ကျင့်သုံးမှုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မေးမည်
DVB
·
May 17, 2013
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး လွတ်မြောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြပ်ကိုင်တဲ့ သဘော သက်ရောက်နေတဲ့ ပုဒ်မ ၄၀၁ ကျင့်သုံးမှုကို လွှတ်တော်မှာ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းမယ်လို့ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ဒီဗွီဘီကို ပြောပါတယ်။
ပုဒ်မ ၄၀၁ ဆိုတာ နိုင်ငံတကာမှာ ရှိသလို မြန်မာနိုင်ငံမှာလည်း ရှိပြီး ဖျက်သိမ်းဖို့ မဖြစ်နိုင်ပေမယ့် ဘယ်လို ပြစ်ဒဏ်နဲ့ ချမှတ်ထားတာတွေကို ပုဒ်မ ၄၀၁ ကျင့်သုံးရသလဲ ဆိုတာကိုသာ မေးမြန်းမှာဖြစ်ကြောင်း သူက ပြောပါတယ်။
မကြာသေးခင်က ရဲတပ်ဖွဲ့ကို အသရေဖျက်မှုနဲ့ ထောင်ဒဏ် ၃ လ ကျခံရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပြည်ထဲရေးဝန်ကြီးဌာနက ပုဒ်မ ၄၀၁ ကျင့်သုံးပြီး ထောင်ကြွေးကျန် ၆ နှစ် ကျခံဖို့ အမိန့်ထုတ်ခဲ့တာကို အကြောင်းခံပြီး အခုလို မေးမြန်းရတာ ဖြစ်ပါတယ်။
မကြာခင် လွှတ်တော်အထူးအဝေး ကျင်းပမယ့် ကာလမှာ မေးခွန်းကို တင်ပြထားဖို့ ရည်ရွယ်ပြီး လာမယ့်လွှတ်တော် ပုံမှန်အစည်းအဝေးကျမှ ဖြေကြားလိမ့်မယ် ထင်ကြောင်း သူက ပြောပါတယ်။