Home
မြန်မာသတင်း
“အစိုးရပဲ လူထုကို ထိတွေ့တဲ့ ရွေးကောက်ပွဲမျိုး မဖြစ်သင့်ဘူး” ကယန်းအမျိုးသားပါတီနှင့် ဒီဗွီဘီ မေးမြန်းချက်
နော်နိုရင်း
·
June 24, 2020
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လူငယ်တွေနဲ့ အမျိုးသမီးအများစုကို ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်ထားတယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ  ခွန်းဘီထူးက ဒီဗွီဘီကို ပြောပါတယ်။ ကယန်းအမျိုးသားပါတီကဟာ ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတခုဖြစ်ပြီး လူငယ် ၇၀ ရာခိုင်နှုန်းကျော်နဲ့ အဖွဲ့စည်းထားတဲ့ ပါတီဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ၁၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး တိုင်းရင်းသားတွေ ပြန်လည်ပေါင်းစည်းနိုင်ရေးအဓိက လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး  ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးကို ဒီဗွီဘီက  တွေ့ဆုံမေးမြန်းထားပါတယ်။ မေး- ကယန်းအမျိုးသားပါတီအနေနဲ့ အခု ရွေးကောက်ပွဲကလည်းနီးလာပြီဆိုတော့ ကိုယ်စားလှယ်လောင်း ဘယ်နှစ်ဦးရွေးထားလဲ။  ဘယ်လိုပြင်ဆင်ထားမှုတွေရှိလဲဆိုတာ အရင်ဆုံး ပြောပြပါလား။ ဖြေ- “ကျနော်တို့ ကယန်းအမျိုးသားပါတီကတော့ ၂၀၁၀ မှာလည်းဝင်ပြိုင်ခဲ့တယ်။ နောက် ၂၀၁၅ မှာလည်း တစ်ကြိမ်ဝင်ပြိုင်ခဲ့တယ်။ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အကြမ်းအားဖြင့် ၁၁ နေရာ ကျနော်တို့ ပြင်ပြီးသွားသလောက်ရှိပြီ။ မယ်စဲမှာ ၂ နေရာပေါ့နော်။ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ပြိုင်မယ့်နေရာကျနော်တို့ စဉ်းစားနေနေတယ်။ နောက် ဒီးမော့ဆိုမှာလည်း ၂ နေရာပေါ့နော်။ ဆိုတော့ ကယားပြည်နယ်မှာ ကျနော်တို့ ၄ နေရာပဲ ပြိုင်မယ်။ အဓိကကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ကျနော်တို့ အပေးအယူလုပ်ထားတဲ့အတွက် ကျန်တဲ့နေရာကို သူတို့ပြိုင်မယ်။ ကျနော်တို့ကတော့ ၄ နေရပဲ အဓိက ပြိုင်မှာဖြစ်တယ်။ နောက်ဖယ်ခုံမှာက ကျနော်တို့ ၆ နေရာပေါ့နော်။ ရေးရာဝန်ကြီးအပါအဝင်ပေါ့။ ပြီးရင်တော့ ကျနော်တို့ သံတောင်မြို့နယ်မှာရှိတဲ့ လိပ်သိုဘက်ခြမ်းမှာ ကျနော်တို့ ၁ယောက်ဝင်ပြိုင်မယ်။ ပျဉ်းမနားဘက်မှာလည်း ၁ ယောက် ပြိုင်ဖို့ လျာထားတာပေါ့နော်။” မေး- လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေကိုရော ဘယ်လို ရွေးချယ်သတ်မှတ်ထားလဲ။ ဖြေ- “ကျနော်တို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းကိုတော့ ကျနော်တို့ ၂၀၁၇ ကတည်းက စိစစ်ပြီးမှ ပြင်လာခဲ့တယ်။ အဓိကကတော့ အရည်အချင်းကတော့ ကိုယ်စားလှယ်လောင်း တစ်ယောက်သည် ဥပဒေပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ သူကလွှတ်တော်အမတ် အရင်ဖြစ်မယ်ဆိုတော့ ဥပဒေပိုင်းဆိုင်ရာ အရည်အချင်းရှိရမယ်။ နံပါတ် ၂ ကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီးမှ သုံးသပ်ပြောနိုင်ဆိုနိုင်တဲ့လူဖြစ်ရမယ်။ လူထုပေါ်မှာ  နိုင်ငံရေးအရ အလုပ်အကျွေးပြုဖို့အတွက် ရည်ရွယ်တဲ့လူဖြစ်ရမယ်။ နံပါတ် ၃  ကတော့ ကျနော်တို့ရဲ့ ကယန်းအရေးမှာ စိတ်ဝင်စားပြီးမှ ကယန်းအရေးမှာ ဘက်မလိုက်အစွန်းမရောက်ပဲ မားမားမတ်မတ် ဦးတည်ဆောင်ရွက်ပေးနိုင်တဲ့ လူဖြစ်ဖို့ ကျနော်တိုက ရွေးချယ်ထားတဲ့ပုံစံလုပ်ထားတယ်။ အဲဒါတွေအားလုံးက ပြီးမြောက်ခဲ့ပြီပေါ့နော်။ နောက်တစ်ခုက ကိုယ်စားလှယ်လောင်းနဲ့အတူ ကျနော်တို့ ပါတီမူဝါဒ ၁၃ ခုလောက် ရေးဆွဲထားပြီးပြီ။ အထူးသဖြင့်ကတော့  ကျန်းမာရေး ပညာရေးကို အဓိကသွားတယ်။ နောက်ပြီး နိုင်ငံရေး အသွင်ကူးပြောင်းရေးကိုလည်း ကျနော်တို့ အားစိုက်ပြီးမှ မူဝါဒကိုရေးဆွဲခဲ့ပြီးပြီ။” မေး- ကယန်းအမျိုးသားပါတီက ဝင်ပြိုင်တဲ့ နေရာတွေမှာ  အနိုင်ရခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်ပေးဖို့ စဉ်းစား စီစဉ်ထားတာမျိုးရှိပါသလဲ။ ဖြေ- “ကျနော်တို့ ကယန်းအမျိုးသားပါတီရဲ့ အဓိက mission ကတော့ ကျနော်တို့အခုနက ဝင်ပြိုင်တဲ့နေရာတွေရခဲ့ရင် ကျနော်တို့အဓိက ကြိုးစားမယ့်အရာကတော့ ကိုယ်လူထုကို အဓိက မြှင့်တင်ပေးနိုင်တဲ့  ကိုယ့်လူထုရဲ့အသံ၊ ကိုယ့်ဒေသရဲ့အသံကို အကောင်းဆုံး မြှင့်တင်ပေးဖို့ ကျနော်တို့ ရည်ရွယ်ထားတယ်။ ဆိုတော့ကျနော်တို့ ဒေသမှာရှိတဲ့ မြေယာနဲ့ပတ်သက်တဲ့အရာတွေ၊ နောက် ကျနော်တို့ဒေသက သီးနှံနဲ့ဈေးကွက် အဲဒီဖွံ့ဖြိုးရေးအပိုင်းတွေကျနော်တို့ ဦးစားပေးပြီးမှ အရေးဆိုသွားပေးဖို့ရယ်၊ နံပါတ်၂ ကတော့ ကျနော်တို့ ကယန်းတွေအနေများတဲ့ ဖယ်ခုံတို့လိုမျိုး ကျနော်တို့ ကယားပြည်နယ်နဲ့ ပြန်ပေါင်းရေးကို  ကျနော်တို့ ရည်ရွယ်ချက်ရှိတာပေါ့နော်။ အဲဒါကလည်း ၁၉၄၇ လောက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ညှိနှိုင်းပြီးမှ နယ်မြေ ပြန်စုစည်းနိုင်ရေးကို ဆွေးနွေးခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ်လောင်းတွေလည်း အဲလို ပဲကြိုးစားခဲ့တယ်ပေါ့နော်။ ဆိုတော့ ဒီနေ့ဒီချိန်အထိ ကျနော်တို့ပါတီရဲ့ မစ်ရှင်ကပြန်ကြိုးစားဖို့ ပြန်ပေါင်းစည်းနိုင်ဖို့ဖြစ်တယ်။ ဘာလို့ အဲလို ပေါင်းစည်းသလဲလို့ မေးရင်တော့ ဥပမာ ကယားပြည်နယ်အတွင်းမှာရှိတဲ့ လူထုတယောက်က  သူက ခွဲတန်းအရ ဘတ်ဂျက် ၂ သိန်းလောက်ရတယ်ပေါ့နော်။ ဒါပေမယ့် ဖယ်ခုံမြို့နယ်မှာရှိတဲ့ လူထုတယောက်က ဘတ်ဂျက်  ရှစ်သောင်းလောက်ပဲ ရတယ်။ ဆိုတော့ ဘတ်ဂျက်ခွဲတမ်းက မညီမျှတဲ့ဟာပေါ့နော်။ ဒါက ဥပမာ တခုအနေနဲ့ နှိုင်းပြခြင်းသာဖြစ်တယ်။ ဆိုတော့ ကျနော်တို့ ဖယ်ခုံမြို့နယ်မှာရှိတဲ့လူတွေ၊ သံတောင်မြို့နယ်မှာရှိတဲ့လူတွေ တော်တော်များများ အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်။ ဒီလိုမမျှမတတဲ့  အစိုးရရဲ့စောင့်ရှောက်မှုကို ခံစားနေရတဲ့အတွက် ကျနော်တို့က ပိုပြီးမှ အခွင့်အရေးရအောင်၊ ပိုပြီးမှ ညီညွတ်မှု ပြနိုင်အောင် ဒီလိုနယ်မြေပြန်စုစည်းရေးကို ဒုတိယ မစ်ရှင်အနေနဲ့ ကျနော်တို့ ချထားတာဖြစ်တယ်။ ဆိုတော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲကို အဲဒီမစ်ရှင် ၂ ချက်နဲ့ ပြည့်ပြည့်မြောက်မြောက်ဆောင်ရွက်နိုင်ဖို့အတွက် ခြေလှမ်းခိုင်ခိုင်မာမာစနိုင်ဖို့အတွက် ကျနော်တို့ ရည်မှန်းထားပါတယ်။” မေး- ခုနကပြောထားတဲ့ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးကနေရာက  ရှမ်းပြည်နယ်မှာပဲ ပြိုင်ဖို့ရှိတာလား၊ ကယားပြည်နယ်မှာကော ရှိလား။ ဖြေ- “ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ၀ ဒသမ ၁ ရာခိုင်နှုန်း ပြည့်နိုင်ရင်တော့ပေးမယ်ဆိုတဲ့ စည်းကမ်းရှိတယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့က ကယန်းလူမျိုးနဲ့ ရေးရာဝန်ကြီးတွက်တဲ့အချိန်မှာ ရှမ်းပြည်မှာတော့ ၂၀၁၀ ကတည်းက ပေးတယ်ပေါ့။ ဆိုတော့ ကျနော်တို့က ကယားပြည်နယ်မှာလည်း ရေးရာဝန်ကြီးပေးဖို့ဆိုပြီးမှ လူဦးရေအရ ပြည့်တယ်။ လူဦးရေက ၅၇၀၀၀ ကျော် - ၆၀၀၀၀ ဘက်ပြည့်နေတဲ့အတွက် ကျနော်တို့ ပြောခဲ့ကြတယ်ပေါ့နော်။ ကယားပြည်နယ်မှာ ကယန်းရေးရာဝန်ကြီးနဲ့ပတ်သက်ပြီးမှ ၂၀၁၀ မှာလည်း လျစ်လျူရှုခဲ့ကြသလို ၂၀၁၅ မှာလည်း မပေးဘူးပေါ့နော်။ အခု ၂၀၂၀ မှာတော့ ကျနော်တို့ကြားရသလောက်က ရေးရာဝန်ကြီးအနေနဲ့ လဝကကလည်း ထောက်ခံသလို အစိုးရဘက်ကလည်း ထောက်ခံထားတဲ့ အခြေအနေမျိုးတော့ ရှိတာပေါ့နော်။ ဆိုတော့ ကျနော်တို့က ရေးရာဝန်ကြီးရခဲ့ရင်တော့ ဝင်ပြိုင်မယ် ကယားပြည်နယ်မှာ။ ဆိုတော့ ၁၂  နေရာအထိ ဝင်ပြိုင်ဖို့ ရှိသွားမှာပေါ့နော်။ ရေးရာဝန်ကြီးနဲ့ သင့်တော်တဲ့ကိုယ်စားလောင်းကိုလည်း ကျနော်တို့လျာထားပြီးသားဖြစ်တယ်။ ကျန်တဲ့ပါတီနဲ့လည်း ညှိနှိုင်းထားပြီးသားဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ရေးရာဝန်ကြီးနဲ့ပတ်သက်ပြီး ကျနော်တို့ ကယန်းအမျိုးသားပါတီက အဓိက ရည်မှန်းချက် မဟုတ်ဘူးပေါ့နော်။ ကယန်းအမျိုးသားပါတီက ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုနဲ့ စုစုစည်းစည်းနေနိုင်ရေးက ကျနော်တို့ရဲ့အဓိက ရည်မှန်းချက်ဖြစ်ပြီးမှ ပြည်နယ်မှာ ပေါ်လာမယ့် အနာဂတ်ဖွဲ့စည်းပုံကို ကျနော်တို့ ပိုပြီးမှခိုင်မာအောင်၊ ပိုပြီးမှ တန်းတူညီမျှမှုကို ဖန်တီးပေးနိုင်တဲ့အခြေအနေမျိုးဆွေးနွေးသွားလို့ရတာပေါ့နော်။ ဆိုတော့ ရေးရာဝန်ကြီးကတော့ အဓိက ရည်မှန်းချက်မဟုတ်ဘဲ ကျနော်တို့ရဲ့ညီညွတ်ရေးနဲ့ ပြန်လည်ပေါင်းစည်းနိုင်ရေးက အဓိက ရည်မှန်းချက်ဖြစ်ပါတယ်ခင်ဗျား။ ” မေး-တိုင်းရင်းသားပါတီနဲ့ပတ်သက်လို့ ကယန်းအမျိုးသားပါတီအနေနဲ့က ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ မဟာမိတ်လုပ်ထားတယ်ဆိုတော့  ဘယ်ပါတီက အဓိက ပြိုင်ဘက်ဖြစ်မလဲ။ ဖြေ- “ဒီဒေသမှာ ကျနော်တို့ရဲ့ အဓိက သုံးသပ်ချက်ကတော့ ဒေသခံတိုင်းရင်းသားပါတီစစ်စစ်ဆိုလို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီလိုမျိုးတွေ၊ ကျနော်တို့ကယန်းအမျိုးသားပါတီလိုမျိုး၊ နောက် SNLD တို့၊ ကရင်အမျိုးသားပါတီတို့ ဒါတိုင်းရင်းသားအရေး တစိုက်မတ်မတ် လုပ်လာခဲ့တဲ့ပါတီဖြစ်တဲ့အတွက် ကျနော်တို့က အုပ်စုတစုအနေနဲ့ ရှိတယ်ပေါ့။ နောက်တစုကတော့ တိုင်းရင်းသားပါတီပဲ ဒါပေမဲ့ တိုင်းရင်းသားပါတီအမည်ခံပြီးဝင်ပြိုင်တဲ့ ပါတီ အများအပြားရှိသလားလို့၊ အဲဒီပါတီတွေက တိုင်းရင်းသားအရေးကို မားမားမတ်မတ် ရပ်တာထက် သူတို့က အခွင့်အရေးနောက်ကို လိုက်တဲ့ပါတီဖြစ်တယ်ပေါ့နော်။ ပါတီနာမည်တော့ မပြောလိုဘူး။ ဒါပေမဲ့ အဲဒီပါတီတွေအပြင် ကျနော်တို့ ပြိုင်ရမယ့်ပါတီက အုပ်စု အကြမ်းအားဖြင့် ၃ ခုရှိတယ်။ နံပါတ် ၁ ကတော့ ကြံ့ခိုင်ရေးပါတီပေါ့နော်။ အားလုံးသိတဲ့အတိုင်းပဲ သူတို့နဲ့ဆက်ပြိုင်ရမှာဖြစ်တယ်။ နောက်လက်ရှိအာဏာရထားတဲ့ အန်အယ်လ်ဒီ ပါတီပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ကျနော်တို့ရဲ့ပါတီပြိုင်ဘက်လို့ ရည်မှန်းထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အရင်တုန်းက ကျနော်တို့ တူညီတဲ့ နိုင်ငံရေး ပလက်ဖောင်းတခုမှာ ရှိခဲ့တယ်။ ဒီမိုကရေစီအရေးကို အတူတူ ဆောင်ရွက်ခဲ့ပေမဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို လျစ်လျူရှုတဲ့အချိန်မှာတော့ ရွေးကောက်ပွဲမှာ ကျနော်တို့ အဓိက ပြိုင်ရမယ့် ပါတီအနေနဲ့မြင်ထားတယ်။ နောက်တခုကတော့ ကျနော်တို့ ဒီပြည်နယ်မှာ အသစ်ရောက်လာတဲ့ ပါတီအများစုပေါ့နော်။ ပြည်မဘက်မှာအခြေစိုက်ပြီးမှ ကျနော်တို့ဘက်လာဝင်ပြိုင်တဲ့ ပါတီအများအပြားရှိတယ်။ UDP ပါတီတို့လိုမျိုးတွေ၊ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီတို့လိုမျိုးတွေ သူတို့နဲ့လည်း ကျနော်တို့ဆက်ပြီးပြိုင်ရမှာပေါ့နော်။  ဆိုတော့ တနေရာအတွက်ကို ပြည်သူတွေက ပါတီ ၁၁ ခုကနေ ၁၅ ခုလောက်အထိ ရွေးချယ်ရဖို့တော့ များလိမ့်မယ်ပေါ့နော်။ ၂၀၁၅ ရဲ့ရလဒ်ပဲကြည့်ကြည့် လက်ရှိပြိုင်ဖို့ စိတ်ဝင်စားတဲ့ပါတီကိုပဲ ကြည့်ကြည့် ပေါ့နော်။ ဆိုတော့ ၁၅ ခုလောက်အထဲက လောက်ရွေးရမယ့် ပြည်သူတွေအနေနဲ့ တိုင်းရင်းသားပါတီတွေရွေးချယ်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ မြေယာအရေး၊ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအရေးတွေ၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေးအရေးတွေကို မားမားမတ်မတ်ရပ်တဲ့ပါတီတွေကို သိမြင်ပြီးမှ ရွေးချယ်နိုင်ဖို့တော့ အင်မတန်လိုအပ်ပါတယ်။” မေး- အခု ရွေးကောက်ပွဲကော်မရှင်က မဲပေးနိုင်တဲ့  မဲဆန္ဒရှင် စာရင်းတွေကို ကယားပြည်နယ်မှာ ထုတ်ပြန်ထားတာ မရှိသေးဘူးပေါ့နော်။ ဒီအပေါ်မှာ ဘာပြောချင်လဲ။ ဖြေ- “ကျနော်တို့က အဲဒါကို ရွေးကောက်ပွဲကော်မရှင်ကို အစဉ်အမြဲတိုက်တွန်းခဲ့တယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ မဲပေးပိုင်ခွင့်၊ မဲစာရင်းတွေကို အစောတလျှင် ကြေညာပေးဖို့ကို ပြောခဲ့တယ်။ ၂၀၁၉ ဒီဇင်ဘာမှာ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့တုန်းကတော့ အစောတလျှင်ကြေညာပေးမယ်လို့ ပြောပြီးမှ အခုထိ မကြေညာနိုင်ဘူးပေါ့နော်။ ဆိုတော့ကျနော်တို့က ဒီအပေါ် ထပ်ပြီးမှ တိုက်တွန်းထားတယ်။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့လူတွေက ကြိုသိခြင်းအားဖြင့် ကိုယ့်ရဲ့မဲစာရင်းကို စိစစ်လို့ရတယ်။ မဲပေးဖို့အတွက် စပြီးမှ စဉ်းစားလို့ရတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တာပေါ့။ ဒါမှမဟုတ်ရင် ကျနော်တို့က မဲစာရင်းမှာ မပါလာဘဲ မဲထည့်ခွင့်မရရင်တော့ ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးသွားတဲ့ဟာတွေဖြစ်တာပေါ့။ ဆိုတော့ ကော်မရှင်ကို အဲဒါတိုက်တွန်းခဲ့တယ်။ ကော်မရှင်ကတော့ ဒီနေ့ဒီအချိန်ထိ အဲဒါကို ပျက်ကွက်နေတုန်းပဲပေါ့နော်။ ဆိုတော့ အမြန်ဆုံးကြေညာပေးဖို့ တိုက်တွန်းလိုတယ်။ အမြန်ဆုံးနဲ့အမှန်ကန်ဆုံးဖြစ်သင့်တယ်ပေါ့နော်။ ပြီးရင်တော့ ကြိုတင်မဲကိစ္စတွေပဲဖြစ်ဖြစ်၊ ရွေ့ပြောင်းအလုပ်သမားမဲကိစ္စတွေပဲဖြစ်ဖြစ် အဲဒါကို ကာကွယ်လို့ရအောင်၊ ကျနော်တိုသိလို့ရအောင် အဲဒါတွေကို ကြေညာပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။ ” မေး- နောက်တစ်ခုက ရွေးကောက်ပွဲကလည်းနီးလာပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေရှိတယ်ဆိုတော့ ဒီအခြေအနေမှာ ပါတီအနေနဲ့ စည်းရုံး လုပ်ဆောင်မှုတွေလုပ်တဲ့အခါမှာ ဘာတွေ အခက်အခဲဖြစ်လာနိုင်လဲ။ ဖြေ။ “ရွေးကောက်ပွဲကနီးနေပြီဆိုတာ အားလုံးသိတယ်။ ပြဿနာက ကိုဗစ်-၁၉ ကြောင့်မို့လို့ အစိုးရဘက်ကလည်း ထုတ်ပြန်ချက်တွေ အများကြီးထွက်လာတယ်ပေါ့နော်။ ဥပမာ လူစုလူဝေးမလုပ်ရတဲ့ပြဿနာတွေ၊ ကိုဗစ်-၁၉  အလှူငွေတွေနဲ့ပတ်သက်ဟာတွေ အစိုးရဘက်က ကန့်သတ်ထုတ်ပြန်တာတွေရှိတယ်။ ကျနော်တို့ကလည်း ဒီအပေါ်မှာ ကန့်ကွက်ရှုတ်ချတယ်။ ကိုဗစ်ကို အသုံးချပြီးမှ နိုင်ငံရေးစည်းရုံးရေးလုပ်တဲ့အခါမှာ ကျနော်တို့ ပါတီတွေကိုတော့ ပိတ်ပင်တယ်ပေါ့နော်။ ကိုဗစ်ကို အမြတ်ထုတ်ပြီး နိုင်ငံရေးလုပ်တာကတော့ မသင့်တော်ဘူး။ ကိုဗစ် ကပ်ဘေးဖြစ်တဲ့အတွက် တနိုင်ငံလုံးရဲ့အရေးဖြစ်သလို တကမ္ဘာလုံးရဲ အရေးဖြစ်တယ်။ ပြည်သူတယောက်ချင်းရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးရမယ့် တာဝန်က ကျနော်တို့အားလုံးမှ တာဝန်ရှိတယ်။ ဒါပေမဲ့ ကိုဗစ်နဲ့ ပတ်သက်လို့ အစိုးရဘက်က ထုတ်ပြန်ထားတဲ့ကန့်သတ်မှုတွေရဲ့ နောက်ကွယ်မှာ တိုင်းရင်းသားပါတီတွေရဲ့စည်းရုံးမှုတွေကို ကန့်သတ်တဲ့အနေအထားမျိုး ဖြစ်သွားတာပေါ့။ ကိုဗစ်ကြောင့်မို့လို့ ကျနော်တို့ ဆိုင်းဘုတ်တင်တာတောင်မှ တယောက်နှစ်ယောက်ပဲ ကိုယ့်ဘာသာကိုယ် တင်ရတဲ့ အခြေအနေမျိုး၊ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်ပေးရတဲ့အနေအထားမျိုး ကျနော်တို့ မရှိတော့ဘူး။ ပါတီတွေရဲ့အနေအထား၊ ပါတီတွေရဲ့လူထုတွေကို တွေ့ဆုံတဲ့အနေအထားမျိုး ကျနော်တို့ မလုပ်နိုင်တော့ဘူးပေါ့နော်။ သို့သော် အစိုးရဘက်တော့သူ့ရဲ့ လုပ်ငန်းတွေက မရပ်ဆိုင်းဘူးလေ။ ကိုဗစ် အလှူသွားလှူလိုက်၊ ဝတ်စုံဆိုရင်လည်း အန်အယ်ဒီပါတီရဲ့ဝတ်စုံကို ဝတ်သွားနေလိုက်၊ တချို့သော ပုံရိပ်တွေလည်း အလှူငွေတွေပေးတဲ့အချိန်မှာ ဒီလိုစည်းရုံးမှုတွေလုပ်နေတဲ့ဟာတွေ ရှိတဲ့အတွက် ဒါကိုတော့ သက်သက်အမြတ်ထုတ်တဲ့အနေအထားမျိုးရောက်သွားတယ်ပေါ့။ ကျနော်ကတော့ ပြည်သူတွေကို ဒီနေရာမှ ရှင်းရှင်းလင်းလင်းမြင်စေချင်တာကတော့ ကိုဗစ်က အားလုံးရဲ့အရေးဖြစ်တယ်။ အစိုးရရဲ့ ပံ့ပို့မှုတွေအားလုံးကလည်း လူထုတွေရဲ့ငွေတွေနဲ့၊ ဒါမှမဟုတ်လည်း နိုင်ငံတကာအလှူငွေတွေနဲ့ ပံ့ပို့တဲ့အပေါ်မှာတော့ အားလုံးကို အကူအညီရတဲ့ဟာ ယူစေချင်တယ်။ သို့သော် နိုင်ငံရေးအရ ရှင်းရှင်းလင်းလင်းမြင်တတ်ဖို့ လိုတာပေါ့နော်။ အစိုးရက ပြည်သူအတွက် လုပ်ပေးရမယ့် အနေအထားမျိုးမှာ အမြတ်ထုတ်တဲ့ဟာတွေဖြ စ်သွားတဲ့အပေါ်မှာတော့ ပြည်သူဘက်က ရှင်းရှင်းလင်းလင်းဖြစ်သင့်တယ်ပေါ့။ ကိုဗစ်ကြောင့်မို့လို့ ကျနော်တို့တော်တော်လေး အခက်အခဲတွေ့တယ်။ ကိုဗစ်ကြောင့်မို့လို့ လူစုလူဝေးကိစ္စကို ဖြေလျှော့ဖို့ ကျနော်တို့ မပြောပေမဲ့လည်း သင့်တော်တဲ့ အနေအထားမျိုးစီစဉ်ဖို့လိုတယ်။ ကျနော်တို့ရဲ့ ရွေးကောက်ပွဲစည်းရုံးရေးက လူထုကိုမထိတွေ့ရဘဲ၊ အစိုးရပဲ လူထုကိုထိတွေ့တဲ့ ရွေးကောက်ပွဲမျိုး မဖြစ်သင့်ဘူးပေါ့နော်။”  မေး- ကယန်းအမျိုးသားပါတီအနေနဲ့က ၁၂ နေရာလောက်ဝင်ပြိုင်မယ်ဆိုတော့ အဲဒီထဲမှာ လူငယ်နဲ့အမျိုးသမီးပါဝင်မှု ဘယ်လောက်ရာခိုင်နှုန်းရှိလဲ၊ ပြီးတော့သူတို့အတွက် ဘယ်လောက်အထိ အခွင့်အရေးပေးမလဲ။ ဖြေ - “ကျနော်တို့ပါတီက အခုလက်ရှိလျာထားတဲ့ ကိုယ်စားလှယ်လောင်း ၁၁ ဦးထဲမှာ ၄ ဦးက အမျိုးသမီးတွေဖြစ်တယ်။ ၁၂ ဦးဖြစ်ရင်လည်း ကျနော်တို့အကြမ်းဖြင့် အမျိုးသမီး ၅ ဦးလောက်အထိ ဖြစ်နိုင်တယ်ပေါ့နော်။ အမျိုးသမီးရဲ့ပါဝင်မှုကတော့ ၃၀ ရာခိုင်နှုန်းအကျော်မှာရှိတာပေါ့နော်။ ပြီးရင်လည်း ဒီကိုယ်စားလှယ်လောင်းတွေက  အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်လောင်းတွေဖြစ်တယ်။ အမျိုးသမီးအဖွဲ့အစည်းမှာ ဦးဆောင်ခဲ့တဲ့အမျိုးသမီးဖြစ်သလို တချို့လူတွေကတော့ လူမျိုးစုတွေမှာ ခေါင်းဆောင်ဖြစ်နေတဲ့ အမျိုးသမီးအင်အားစုတွေဖြစ်တယ်ပေါ့။” မေး-ကိုယ်စားလှယ်လောင်းတွေကို အများအားဖြင့် လူငယ်တွေကိုရွေးချယ်ထားတယ်ဆို‌တော့ ဘယ်လို အသက်အရွက်တွေကို ရွေးချယ်ထားလဲ။ ဖြေ- “အသက် ၂၇ -၂၈ က အသက်အငယ်ဆုံးကိုယ်စားလှယ်လောင်းဖြစ်ပြီးမှ အများစုကတော့ ၃၀ နဲ့ ၄၀ ကြားပေါ့နော်။ ဒီလိုလူငယ်လူလတ်ပိုင်းတွေများတယ်။ အသက် ၅၀ ဝန်းကျင် ကိုယ်စားလှယ်လောင်းက ၂ ယောက်လောက်ပဲပေါ့နော်။ ကျနော်တို့ပါတီဗဟိုအားလုံးကလည်း အဲလိုပဲ  ၇၀ ရာခိုင်နှုန်းကျော်လောက်က လူငယ်လူလတ်ပိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက်ကြောင့် ကိုယ်စားလောင်းအားလုံးကလည်း လူငယ်လူလတ်ပိုင်းတွေပဲဖြစ်တယ်ပေါ့နော်။ ကျနော်တို့အမြင်ကတော့ လူကြီးတွေ အသက်ကြီးတဲ့ ပုဂ္ဂိုလ်ကိုယ်စားလှယ်တွေကလည်း  သင့်တော်တဲ့ အရည်အချင်းရှိပါတယ်။ အတွေ့အကြုံရှိတယ်။ ဒါပေမယ့် ၂၁ ရာစုရဲ့ နိုင်ငံရေးနည်းပညာတိုးတက်မှုတွေကိုတော့ လူငယ်လူလတ်ပိုင်းတွေက ပိုသင့်တော်တဲ့အတွက် ဒီ ဒိုင်းနစ်မစ်ရှိတဲ့လူငယ်တွေကို ဦးစားပေးပြီးမှ နေရာပေးထားတဲ့အနေအထားမျိုးဖြစ်ပါတယ်ခင်ဗျာ။” မေး- ကယန်းအမျိုးသားပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအမှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ။ ဖြေ- “ကျနော်တို့ရဲ့ အဓိကပြိုင်ဘက်ကတော့ လက်ရှိအနိုင်ရပါတီဖြစ်မှာပေါ့နော်။ ဖယ်ခုံမြို့နယ်နဲ့ ကယားပြည်နယ် တစ်ခုလုံးမှာ အနိုင်ရထားတာကတော့ အဓိက အန်အယ်လ်ဒီ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့က အဓိက အန်အယ်လ်ဒီနဲ့ပြိုင်ရမှာဖြစ်တယ်။ စိန်ခေါ်မှုတွေကတော့ ကြံ့ခိုင်ရေးပါတီနဲ့ အန်အယ်လ်ဒီ နှစ်ခုလုံးရှိမယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့  ကြံ့ခိုင်ရေးဘက်မှာလည်း ခိုင်လုံမဲတွေရှိပြီးမှ ၂၀၁၅ ရလဒ်ဆိုရင်တော့ ကျနော်တို့ တချို့နေရာတွေမှာတော့ ဒုတိယလိုက်တယ်။ တချို့နေရာမှာတော့ သူတို့ ဒုတိယ ပြန်လိုက်တယ်ပေါ့နော်။ ဒီလိုဖြစ်နေတဲ့အတွက် ဒီစိန်ခေါ်မှုတွေကတော့ ကြီးကြီးမားမားရှိတာပေါ့နော်။ အဲတော့ မတူကွဲပြားတဲ့ ခြားနားမှုတွေနဲ့ လူထုကို အသိပေးရမှာကတော့ ကိုယ့်ရဲ့မူဝါဒတွေက ပိုအားသာကြောင်းကို အဲဒါတွေကို ကျနော်တို့ သွင်းရမယ်။ အန်အယ်ယ်ဒီဘက်က မဲဆွယ်မယ့်အနေအထားမျိုး ကျနော်တို့သုံးသပ်တာကတော့  သုံးချက်ရှိလိမ့်မယ်ပေါ့နော်။ နံပါတ် ၁ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်၊ ကျနော်တို့တိုင်းရင်းသားတွေမှာတော့ ဒီလိုပုံရပ်ကြီးတွေ မရှိနိုင်ဘူးပေါ့နော်ဆိုတော့ ဒါက စိန်ခေါ်မှုကြီးဖြစ်လိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီတိုင်းပြည် အပြောင်းအလဲလုပ်မယ်ဆိုတဲ့ဟာကတော့ လူထုတွေတော်တော်များများက မျှော်လင့်ချက် ကြီးလွန်းတယ်ပေါ့နော်။ နံပါတ် ၂ ကတော့ အာဏာရှင်ပြန်လာမယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ လူထုကို မဲဆွယ်မယ့်အနေအထားမျိုးဖြစ်တယ်ပေါ့။ ဆိုတော့ အဲဒါကလည်း ကျနော်ထင်တာက မှားယွင်းတယ်ပေါ့။ ဒီနေ့ဒီအချိန်မှာ အာဏာရှင်ပြန်လာဖို့ကတော့ လူထုတွေလက်ထဲမှာပဲဖြစ်ပြီးမှ လူထုတွေက အဲလောက်အထိ ပေါ့ပေါ့လျော့လျော့လေးဖြစ်မှာမဟုတ်ဘူး။ အာဏာရှင်ကလည်း အာဏာသိမ်းသွားမယ့် အနေအထားမျိုးလည်းမဖြစ်နိုင်ဘူးလို့ယူဆတယ်ပေါ့နော်။ နံပါတ် ၃ ကတော့ ဆက်ပြီးမှ ဒီမိုကရေစီအပြောင်းအလဲဖြစ်ဖို့ ပြောလိမ့်မယ့်ပေါ့။ ဆိုတော့ ကျနော်တို့ကတော့ ဒီတိုင်းပြည်မှာ ဒီမိုကရေစီ အပြောင်းအလဲက ဆက်ဖြစ်မှာပဲပေါ့နော်။ အန်အယ်လ်ဒီပါတီ မနိုင်ရင်တောင် ဒီအပြောင်းအလဲက ဆက်ဖြစ်သွားဦးမယ်။ ၂၀၂၅ ရွေးကောက်ပွဲလည်း သေချာပေါက် ဆက်လာရဦးမှာပဲပေါ့နော်။ ငြိမ်းချမ်းရေးမဖြစ်သွားရင်တောင် ရွေးကောက်ပွဲက မဖြစ်မနေ ဆက်ဖြစ်ရမယ့် အနေအထားမျိုးဖြစ်တဲ့အတွက် အဲဒီအနေအထားမျိုးဖြစ်တယ်။ ကြံ့ခိုင်ရေးပါတီရဲ့အဓိက မဲဆွယ်မယ့်အရာ စိန်ခေါ်မှုကတော့ ကျနော်ယူဆတာကတော့ ဖွံ့ဖြိုးတိုးတက်ရောပေါ့နော်။ ဆိုတော့ ကျနော်တို့ အဲဒီဟာတွေနဲ့ပတ်သက်ပြီးမှ ဘယ်လောက်ထိ ခိုင်လုံလဲဆိုတာ ကျနော်တို့ ပြန်ပြီးမှ ရှင်းပြရမှာဖြစ်သလို ဒေသခံတိုင်းရင်းသားတွေရဲ့ မြေယာအခွင့်အရေးတွေ၊ ဒေသခံကိုယ်တိုင်ပါဝင်တဲ့ ဆုံးဖြတ်ပိုင်ခွင့်အခွင့်အရေးတွေ နောက်ဒေသစီးပွားရေးပေါ့နော်။ အဆောက်အဦတွေ ၊ လမ်းတွေ၊ တံတားတွေထက် ဒေသခံ တစ်ယောက်ချင်းရဲ့ စားဝတ်နေရေး ပြေလည်တဲ့ဟာတွေက အရေးပိုကြီးတယ်ပေါ့နော်။ ဒီလိုကိစ္စ တွေရှိတဲ့အတွက် ကျနော်တို့ တိုင်းရင်းသားပါတီတွေက အဲဒီအတွက် ရပ်တည်ဖို့အတွက် ဖြစ်တဲ့အတွက်ကြောင့်မို့ မတူညီတဲ့မူဝါဒတွေနဲ့ပြိုင်ဆိုင်မှုတွေနဲ့ ကျနော်တို့ပြိုင်ရမယ့်အ နေအထားမျိုးဖြစ်တယ်ပေါ့နော်။ အဓိက ပြန်ချုပ်ရင်တော့ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီကိုပဲ ကျနော်တို့ အဓိက ပြိုင်ရမှာဖြစ်တယ်။ ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024