ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် ၂ ဦး သေဆုံး၊ ၆ ဦး ပြင်းထန်ဒဏ်ရာရ
DVB
·
June 24, 2020
ကချင်ပြည်နယ် ဖားကန့်ဒေသ စပေါ့ကျေးရွာအနီး ဘဇံချောက်မှော် လုပ်ကွက်ဟောင်း ကမ်းပါးပြိုကျခဲ့တာကြောင့် ရေကန်ထဲ ပြုတ်ကျပြီး ၂ ဦးသေဆုံး၊ ၆ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
ကမ်းပါးပြိုကျတာကြောင့် တပိုင်တနိုင် ရွှေမျောတိုက်သူ၊ ကျောက်စိမ်းတူးဖော်သူ ၁၅ လောက် ရေလှိုင်းရိုက်ပုတ်ခံရပြီး လုပ်ကွက်ဟောင်းရေကန်ထဲ ပြုတ်ကျခဲ့တာကြောင့် ၂ ဦး သေဆုံး၊ ၆ ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့အတွက် ဖားကန့်ပြည်သူ့ဆေးရုံကို အရေးပေါ်ပို့ဆောင် ကုသထားတယ်လို့ သင်္ခါလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်က ပြောပါတယ်။
သေဆုံးသူနဲ့ ပြင်းထန်ဒဏ်ရာရရှိသူတွေဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးရွာသွန်းမှုကြောင့် ခုလိုဖြစ်စဉ်မျိုး ၂၀၂၀ ပြည့်နှစ်အတွင်း ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ဇော်မိုးထက် (ဖားကန့် )