Home
မြန်မာသတင်း
လားရှိုးမြို့ရှိ မန်ဆူဈေးကို ရွှေချမ်းမြေ့ဈေးအဖြစ် အမည်ပြောင်းလဲမှု ဒေသခံများ သဘောမတူ 
နန်းမြနဒီ
·
June 23, 2020
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် ၈ ထဲက မန်ဆူဈေးကြီးကို ရွှေချမ်းမြေ့ဈေးအဖြစ်သို့ အမည်ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။  မန်ဆူဈေးအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးမောင်ငယ် ဦးစီးပြီး ဈေးသူဈေးသား ၃၃၀ ဦးတို့က မန်ဆူဈေးကို ရွှေချမ်းမြေ့ဈေးအဖြစ် အမည်သစ်ပြောင်းဖို့ ပြီးခဲ့တဲ့ မတ်လက တင်ပြထားတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ရဲ့ သဘောထားမှတ်ချက်တွေယူခဲ့ကြောင်း၊ အဲဒီနောက် ရှမ်းပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်အရ ပြောင်းလဲ ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လားရှိုးဒေသခံလည်းဖြစ်၊ လားရှိုးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ စိုင်းဝမ်းလှိုင်းခမ်းကတော့ ဈေးနာမည်ပြောင်းမယ့်ကိစ္စ ဘယ်သူမှ ခေါ်မေးတာမရှိသလို သဘောလည်း မတူနိုင်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။  “ဈေးနာမည်ပြောင်းမယ့်ကိစ္စ ဘာမှ မသိရပါဘူး။ လိုင်းပေါ်တင်လာမှ တွေ့တယ်၊ အမှန်တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒီလိုနာမည်ပြောင်းဖို့ဆိုရင် ပြည်သူလူထုတွေရဲ့ သဘောထားကို မေးမြန်းဖို့လိုတယ်။ မြို့နယ်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားမှတ်ချက်တွေလည်း ယူဖို့လိုတယ်၊ ကိုယ့်ဘာသာကိုယ် စိတ်ထင်သလိုပြောင်းတာတော့ မကောင်းပါဘူး။” ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားတွေ အစဉ်အဆက်ခေါ်လာခဲ့တဲ့အတိုင်း မန်ဆူဈေးလို့ပဲ ပြန်ခေါ်ဖို့ တိုက်တွန်းတယ်လို့လည်း  လွှတ်တော်အမတ် စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။ “ဒါက မန်ဆူဈေးလို့ကျနော်တို့ သိထားတယ်၊ မန်ဆူဆိုတာက ရှမ်းရွာ မန်ဆူရွာကို အစွဲပြုပြီးတော့ မန်ဆူဈေးဆိုပြီးတော့ အစဉ်အဆက်ခေါ်လာတဲ့ဈေး ဖြစ်ပါတယ်။ အခုလို ပြည်သူလူထု စိတ်သဘောထား မကောက်ခံဘဲ ပြောင်းတာဟာ အနာဂတ်အတွက်လည်း မကောင်းဘူးလို့ မြင်ပါတယ်ခင်ဗျ။ ရှမ်းပြည်နယ်ဆိုတာ ရှမ်းလူမျိုးနဲ့ အခြားတိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ ပြည်နယ်ကြီး ဖြစ်တယ်။ သမိုင်းလည်း ရှိတယ်။ အဲဒီမှာ မန်ဆူဘုရားလည်း ရှိတယ်။ မန်ဆူပလာဇာ၊ မန်ဆူကားဂိတ် အဲဒီနာမည်တွေ ရှိတယ်။ ဒါကြောင့် ဈေးအမည်ကိုလည်း နဂိုအတိုင်း မန်ဆူဈေးလို့ပဲ ပြန်ထားဖို့ တိုက်တွန်းလိုပါတယ်။” မန်ဆူကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးပုညနန္ဒကတော့ ဈေးအမည်ပြောင်းတဲ့ကိစ္စ ဘယ်သူမှ သဘောထား လာမေးတာမရှိကြောင်း၊ ဈေးကိစ္စဟာ သာသနာလည်း မသက်ဆိုင်ကြောင်း ၊ ဒါပေမဲ့ မူရင်းနာမည်အတိုင်းထားတာ ကောင်းပါတယ်လို့ ဒီဗွီဘီကို မိန့်ပါတယ်။  “ဈေးနာမည်ပြောင်းမယ့်ကိစ္စ ဘုန်းဘုန်းတို့ မသိရပါဘူး။ သာသနာရေးနဲ့လည်း မဆိုင်ဘူးလေ။ ဒါပေမဲ့ သူက မန်ဆူရွာနားမှာရှိလို့ လွယ်လွယ်နဲ့ မန်ဆူဈေးလို့ ခေါ်လာတာ။ မန်ဆူကားဂိတ်၊ မန်ဆူဟိုတယ် ၊ အဲလို ခေါ်ရလွယ်တယ်။ သူတို့ဈေးနာမည်ပြောင်းတာ ရည်ရွယ်ချက်တော့ရှိမှာပေါ့ ၊ ဘုန်းဘုန်းသဘောကတော့ နဂိုအတိုင်းပဲ ကောင်းပါတယ်။” လားရှိုးဇာတိ ကချင်တိုင်းရင်းသူ ပန်ပန်ကလည်း “လားရှိုးမှာမွေး လားရှိုးမှာကြီးပြင်းလာသူ တယောက်အနေနဲ့ပြောရရင် မန်ဆူစျေးကို နာမည်ပြောင်းလိုက်တာ သဘောမကျပါဘူး။ ငယ်ငယ်ကတည်းက ခုချိန်ထိ လားရှိုးလို့ ပြောလိုက်ရင် လူသိများတဲ့နေရာမှာ မန်ဆူစျေး ပါတယ်။ မန်ဆူစျေးက လားရှိုးရဲ့ အမှတ်အသားတခု ဖြစ်တယ်။ ဒါကိုပြောင်းလိုက်တာ မကြိုက်ဘူး။ စျေးနာမည်ကိုလည်း မြန်မာမှုပြုလိုက်တယ်လို့ ထင်တယ်။ လားရှိုးက ရှမ်းပြည်မြောက်ပိုင်းရဲ့မြို့တော် ဖြစ်သလို နေရာအတော်များများလည်း ရှမ်းကိုယ်စားပြုနာမည်ပဲ ဖြစ်သင့်ပါတယ်။ စျေးနာမည်ကို ပြောင်းတာထက် စျေးရဲ့စီမံခန့်ခွဲရေးကိုပဲပြောင်းသင့်ပါတယ်”လို့ ပြောပါတယ်။ လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်သူ မခင်လတ်ခိုင်ကတော့ မန်ဆူဈေး ပိုစည်ကားလာအောင် ရည်ရွယ်ပြီး ဈေးသူဈေးသားတွေက ပြောင်းလိုက်တာ ဖြစ်ပြီး ဈေးစည်ကားဖို့ရာ အမည်နာမပေါ်  မူတည်တာမဟုတ်ဘဲ အများပြည်သူ စွဲနေတဲ့ အမည်ကိုပဲ သုံးသင့်တယ်လို့  ဆိုပါတယ်။ “ဈေးနာမည်ပြောင်းမယ့်ကိစ္စ ကျမတို့ပါတီကို မေးမြန်းလာတာတော့ မရှိပါဘူး။ သူတို့စည်ပင်ကပဲ လုပ်လိုက်တယ်လို့ ထင်ပါတယ်။ ပါတီသဘောထား မဟုတ်ဘဲ ကျမအမြင် ပြောရရင်တော့ သူ့နာမည်နဲ့သူ ရှိနေတာပဲ၊ ဘာလို့အသစ်ပြောင်းမှာလဲနော်။ အားလုံးကလည်း မန်ဆူဈေးဘဲသိတာလေ။ ကြားတာကတော့ အဲဒီဈေးက သိပ်မစည်ဘူး။ ဘုရားရဲ့ နာမည်ယူထားလို့များလား၊ အဲဒါကြောင့် ဈေးသူဈေးသားတွေက နာမည်သစ်ပြောင်းချင်တယ်ပေါ့။ ကျမအမြင်ကတော့ ဈေးစည်၊ မစည်တာ နာမည်ပေါ် မူမတည်ဘူးလို့ ထင်ပါတယ်။ ပြောင်းလိုက်လည်း လူတွေက သူတို့စွဲနေတဲ့ နာမည်ဟောင်းပဲ ခေါ်ကြမယ်လို့ ထင်တယ် ” လားရှိုးရှမ်းစာပေယဉ်ကျေးမှုအသင်းက အထွေထွေအတွင်းရေးမှူး စိုင်းစိုးမြင့်ကလည်း နာမည်သစ်ပြောင်းချင်ရင်လည်း ရှမ်းပြည်နယ် ရှမ်းဒေသနဲ့ လိုက်ဖက်ညီတဲ့ အမည်ပြောင်းသင့်တယ်လို့ ပြောပါတယ်။ “ဈေးနာမည်ပြောင်းမယ့်ကိစ္စ ကျနော်တို့ ဘာမှမသိရပါဘူးခင်ဗျ။ ကျနော့် တစ်ဦးတည်း သဘောထားအမြင်ကတော့   နာမည်ဟောင်း မကြိုက်လို့ နာမည်သစ် ပြောင်းချင်ရင်လည်း ရှမ်းပြည်နယ်၊ ရှမ်းဒေသဆိုတော့ ဒေသနဲ့လိုက်ဖက်တဲ့ နာမည်ပြောင်းသင့်ပါတယ်။ ဒါပေမဲ့ ဘာနာမည်ပြောင်းပြောင်း ဒေသခံတွေကတော့  သူတို့ပါးစပ်ထဲစွဲနေတဲ့ နာမည်ကိုပဲ ခေါ်ဆိုကြမယ်လို့ ထင်တယ်။”  ဒီကနေ့ညနေ ၄ နာရီကျော်မှာ ဈေးဆိုင်းဘုတ်သစ်ကို ပြန်ဖြုတ်သွားပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။  မန်ဆူဈေးကြီးမှာ ဈေးရုံ ၄ ရုံနဲ့ ၃ ထပ်ပလာဇာတစ်ခုရှိပြီး ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024