စစ်ကိုင်းတိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၀ ကျော်ရှိနေ
Aung Ko Latt
·
June 23, 2020
စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၂၀ ပြည့်နှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃၃ ဦးထိ ရှိနေပြီး သေဆုံးသူ ၄ ဦးရှိပြီဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူတွေထဲက ချောင်းဦးမြို့နယ်က ၉၃ ယောက်နဲ့ အများဆုံးဖြစ်ပြီး သေဆုံးသူ ၂ ဦးရှိကာ ဘုတလင်မြို့နယ်နဲ့ ရေဦးမြို့နယ်တို့မှာလည်း တစ်ဦးစီ သေဆုံးထားပါတယ်။
သွေးလွန်တုပ်ကွေးရောဂါက ၅ နှစ် တစ်ကြိမ် အဖြစ်များတတ်ပြီး အခုနှစ်က အဖြစ်များနိုင်ပြီး သတိထားရမယ့်နှစ်ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။
“သွေးလွန်တုပ်ကွေးက ငါးနှစ် တစ်ကြိမ်များများဖြစ်တတ်တဲ့ သဘောရှိပါတယ်။ ၂၀၁၅ က အဖြစ်များတယ်ဆိုတော့ ဒီ၂၀၂၀ အဖြစ်များမယ်လို့ ကြိုတင်တွက်ဆပြီးတော့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေလည်း တတ်နိုင်သလောက်တော့ လုပ်ဆောင်နေပါတယ်။ ကိုဗစ်ရောဂါကော ပြုံပြီးကျနေတဲ့အတွက် တော်တော်လေးတော့ ကျန်းမာရေးဝန်ထမ်းတွေက အခက်အခဲတွေ ရှိပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သွေးလွန်တုပ်ကွေးက ၁၀ နှစ်အောက် ကလေးငယ်အများစုမှာ ဖြစ်ပွားတတ်ပြီး အခုလို တုပ်ကွေးဖြစ်ပွားချိန်မှာ ကလေးတွေကို ကော်ဖီတွေ မတိုက်ကြဖို့လည်း ပြောပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်ရင် ကော်ဖီရောင်တွေ အန်တတ်တာကြောင့် ကော်ဖီသောက်ထားရင် ကော်ဖီအန်တာလား၊ တုပ်ကွေးကြောင့် အန်တာလား ခွဲခြားရခက်တဲ့အတွက် အညိုရောင်ရှိတဲ့ အစားအသောက်တွေ ကလေးငယ်တွေကို မကျွေးကြဖို့လည်း ပြောပါတယ်။
အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါက အေးဒီစ်ခေါ် ခြင်ကျားကတဆင့် ဖြစ်ပွားတာဖြစ်လို့ ခြင်မကိုက်အောင် နေထိုင်ကြဖို့နဲ့ ခြင်မပေါက်ဖွားနိုင်အောင်၊ မခိုအောင်းနိုင်အောင် ဖုံး သွန် လဲ စစ် လုပ်ငန်းတွေ မှန်မှန်လုပ်ပေးကြဖို့လိုတယ်လို့လည်း ဆိုပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေတင် လုပ်ဆောင်လို့ မရနိုင်တာကြောင့် ပြည်သူတွေ ပူးပေါင်းပါဝင်မှုသာ ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးသံသယရှိရင် နီးစပ်ရာကျန်းမာရေးဌာနတွေကို သွားရောက်ပြကြဖို့နဲ့ ရမ်းကုတွေနဲ့ မကုကြဖို့လည်း ဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။
ဒေါက်တာဇော်ဝင်းက “အဓိကကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မကုဘဲနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာ၊ ဆရာမ ကျန်းမာရေးမှူးတွေနဲ့ ပြပါ။ သွေးလွန်တုပ်ကွေးရာသီမှာ ကလေးတွေကို ကော်ဖီမတိုက်ပါနဲ့။ ကော်ဖီနဲ့ မတည့်လို့ မဟုတ်ပါဘူး။ ကော်ဖီရောင် အန်တဲ့အတွက် သွေးလွန်တုပ်ကွေးကြောင့် အန်တာလား။ ကော်ဖီကြောင့် အန်တာလားပေါ့။ ချောကလက်လို ညိုတဲ့အစားအစာတွေ ဖျားနေတဲ့အချိန်မှာ မကျွေးပါနဲ့။ အဓိကကတော့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစွာပြသင့်ပြီး ဆေးရုံကို စောစောရောက်မယ်ဆိုရင် အသေအပျောက်နည်းမှာ ဖြစ်ပါတယ်။ ပျောက်ကင်းမှု ရာခိုင်နှုန်းများမှာ ဖြစ်ပါတယ်” လို့လည်း ဝန်ကြီးက ပြောပါတယ်။
လက်ရှိအချိန်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအနေနဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း ဖုံး သွန် လဲ စစ် လုပ်ငန်းတွေ၊ အဘိတ်ဆေးခပ်တာတွေ၊ ပိုးတွေ့လူနာရဲ့ နေအိမ်အနီးနဲ့ ပိုးတွေ့သေဆုံးသူတွေရဲ့ နေအိမ်အနီး ပတ်လည်တွေမှာလည်း ဆေးမှုတ်တာတွေကို ပြုလုပ်နေပါတယ်။