DVB Logo
Home
မြန်မာသတင်း
အသိမ်းခံရသည့် လယ်မြေများ ပြန်ရရေး ထားဝယ်ဒေသခံများ တောင်းဆို
DVB
·
May 17, 2013
အသိမ်းခံရသည့် လယ်မြေများ ပြန်ရရေး ထားဝယ်ဒေသခံများ တောင်းဆို
Donate to DVB

ထားဝယ်မြို့နယ်က လယ်သမားတွေဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ လျော်ကြေးပေးမယ်ဆိုရင်လည်း ကာလတန်ဖိုးနဲ့အညီ ပေးရေးအတွက် တောင်းဆိုလိုက်ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဒေသခံလယ်သမားတွေပိုင် လယ်မြေဧက ၈၀၀ လောက်ကို အစိုးရ၊ စစ်တပ်၊ စီးပွားရေးကုမ္ပဏီတွေနဲ့ မြေစာရင်းဌာနက သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး မနေ့က ရန်ကုန်မြို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်တာပါ။

သိမ်းယူခံရတဲ့ လယ်မြေတွေကတော့ ဇလွန်းကျေးရွာမှာ မြေဧက ၃၀၀ လောက်၊ ကူးတို့ဆိပ်ကျေးရွာ တရုတ်သချုင်္ိင်းမြေအတွက် ဧက ၆ ဒဿမ ၁၁ ဧကထားဝယ် ကမြောကင်းလမ်းတလျှောက်မှာ ဧက ၅၀၊ ၀ဲကျွန်းထိန်သစ်ရပ်ကွက် မဏ္ဍပ်မော်ကွင်း ၃၆ ဧက၊ ကြက်စားပြင်ရပ်ကွက် သစ်ထုတ်လုပ်ရေးလုပ်ငန်းက သိမ်းယူတဲ့မြေ ၃ ဒဿမ ၁၀၂ ဧက စတာတွေအပါအ၀င် ဧက ၈၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့နယ် ဆန်းချီရပ်ကွက် ကမြောကင်းလမ်းတလျှောက်မှာ လယ်သမား ၁၁ ဦးပိုင် လယ်မြေဧက ၅၀ လောက် အသိမ်းခံခဲ့ရပါတယ်။

အသိမ်းခံရတဲ့ ကိုအောင်မင်းက “ဒီနေရာတွေမှာ စစ်မှုထမ်းဟောင်း အိမ်ရာလာဆောက်တာရှိတယ်၊ နောက်ပြီး ရုံးတွေ လာဆောက်တာရှိတယ်။ ကျနော်တို့မှာ လုပ်စားစရာ နေရာ မရှိတော့ဘူး။ အဲဒါကြောင့် ကျနော်တို့ လယ်ယာမြေတွေကို ပြန်လိုချင်ပါတယ်။ လျော်ကြေးဆိုရင်လည်း ထိုက်ထိုက်တန်တန်ပေးရင် ကောင်းမယ်။ မိုးတွင်းဆိုရင် ကျနော်တို့မှာ စားရေးသောက်ရေးက စဉ်းစားလို့ကို မရဘူး။”

ဒီမြေတွေကို ၁၉၉၆-၉၅ ခုနှစ်တွေ လောက်ကစပြီး အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူခဲ့တာလို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ထားဝယ်လူ့အခွင့်အရေး စောင့်ကြည့်ရေး ကွန်ရက်အဖွဲ့ခေါင်းဆောင် ဦးသန်းဝင်းက ပြောပါတယ်။

လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးစေချင်တယ်လို့ ဆိုပါတယ်။

“လယ်သမားတွေရဲ့ အခွင့်အရေးအရ နစ်နာချက်တွေကို နစ်နာအောင်လုပ်တဲ့လူတွေက နစ်နာတဲ့လူတွေအတွက် ဘယ်လိုငဲ့ညာပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးမလဲ။ မိုးရွာရွာ နေပူပူ လယ်ယာမြေစိုက်ပြီး အသက်မွေးဝမ်းပြုလာတဲ့လယ်သမားတွေဟာ အကုန်စွန့်လွှတ်ပြီးပြောင်းပေးရမယ်ဆိုရင် တန်ရဲ့လား၊ လယ်သမားတွေရဲ့ အခွင့်အရေးက ဘယ်မှာလဲ။”

လယ်ယာမြေသိမ်းစည်းမှုတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက  “ကျနော်တို့နဲ့ လာမတွေ့တဲ့အတွက် ဖြေရှင်းဆောင်ရွက်စရာမရှိပါဘူး။ သူတို့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျနော်တို့ဆီမှာ သမိုင်းကြောင်းတွေ အကုန်လုံးရှိပါတယ်။ ဥပဒေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျနော်တို့က ဆောင်ရွက်သွားမှာပါ”  လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013