ကိုဗစ်-၁၉ ကူးစက်မှုကြောင့် အာဆင်နယ်အသင်း ကြိုတင်ပြင်ဆင်မှုများ နှောင့်နှေး

အာဆင်နယ်အသင်းသားတစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံရမှုအခြေအနေကြောင့် ဇွန် ၁၇ ရက် ပရီးမီးယားလိဂ် ပြန်လည်စတင်ခဲ့ချိန်မှာ အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ Goal သတင်းမှာ ဖော်ပြပါတယ်။  ဒီဖြစ်စဉ်ကြောင့် နောက်ထပ် စီနီယာကစားသမားနှစ်ဦးဟာလည်း Quarantine ဝင်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ သုံးလကြာ ရပ်နားထားပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ခံလူ ဒေးဗစ်လူးဝစ်ရဲ့အမှားတွေနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။ နောက်တပွဲမှာလည်း အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းကို ထပ်မံရှုံးနိမ့်ပြန်ပါတယ်။  ဒီလိုရှုံးပွဲဆက်ခဲ့မှုကြောင့် ပရိသတ်တွေကြားမှာ စိတ်ပျက်နေကြပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ ဘောလုံးပွဲတွေပြန်မစခင်မှာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။  အာတီတာဟာ မတ်လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ခဲ့ချိန်မှာလည်း သူ့ရဲ့ကြိုတင်ပြင်ဆင်မှုတွေဟာ အသင်းရဲ့စီနီယာကစားသမား သုံးဦးပျက်ကွက်မှုနဲ့အတူ အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။  မန်စီးတီးအသင်းနဲ့ ပွဲမတိုင်ခင်ကြိုတင်ပြင်ဆင်မှုမှာ ကစားသမားတဦး ဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် လေ့ကျင့်ရေးအစီစဉ် သုံးခုကို ဖျက်သိမ်းခဲ့ရပါတယ်။   ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ကစားသမားအမည်ကိုတော့  ဖော်ပြထားခြင်းမရှိခဲ့ဘဲ ဒီကစားသမားဟာ နောက်ထပ်အသင်းကြီးက စားသမားနှစ်ဦးနဲ့ နီးနီးစပ်စပ် ထိတွေ့ ခဲ့တာကြောင့် သူတို့သုံးဦးကို ခုနစ်ရက်ကြာ self-isolation လုပ်ဆောင်စေခဲ့ရပါတယ်။  ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူနဲ့ နှစ်မီတာအတွင်း ရှိနေခဲ့ဖူးပြီး ကူးစက်ခံရသူနဲ့ ၁၅ မိနစ်ကျော်ကြာ ထိတွေ့မှုရှိခဲ့သူတွေဟာ quarantine ဝင်ရမယ်လို့ ဖော်ပြထားပါတယ်။  ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေကို အာဆင်နယ်အသင်းကိုယ်တိုင် ပြုလုပ်အဖြေရှာခဲ့ပေမယ့် ရလဒ်ကို ပရီးမီးယားလိဂ်ဘက်က အတည်မပြုပေးနိုင်ခဲ့ပါဘူး။  ဒါ့ကြောင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိသူသုံးဦးဟာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ပြုလုပ်တဲ့ စစ်ဆေးမှုကို စောင့်ဆိုင်းခဲ့ရပြီး စစ်ဆေးမှုကို ဘောလုံးပွဲစဉ်တွေပြန်မစမီ နှစ်ရက်အလိုမှာမှ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။  ဒီလိုစစ်ဆေးပြီးချိန်မှာမှ ကစားသမားတွေဟာ ဗိုင်းရပ်စ်ကင်းရှင်းကြောင်း တွေ့ခဲ့ရပြီး လေ့ကျင့်ရေးအစီစဉ်တွေမှာ ပြန်လည်ပူးပေါင်းနိုင်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up