DVB Logo
Home
မြန်မာသတင်း
သေမင်းတမန်ရထားလမ်းဖွင့်ရင် ဒေသခံများအတွက် အခွင့်အလမ်းဖန်းတီးပေးရန်လို
DVB
·
May 17, 2013
Donate to DVB

မြန်မာ၊ ထိုင်းနှစ်နိုင်ငံနယ်စပ်ကြားက  သေမင်းတမန်ရထားလမ်းကို ပြန်ဖွင့်ရင် ဒေသခံ တိုင်းရင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ အရေးကြီးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ဒီဗွီဘီကို ပြောပါတယ်။

“ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက်လုပ်တဲ့ စီမံကိန်းဖြစ်လို့ ဒေသတွင်းနေသူဒေသခံတွေအားလုံး အကျိုးသက်ရောက်မှုခံစားရဖို့ဆိုတာ အလုပ်အကိုင်အခွင့်အလမ်းပေါ်ရင် ဒေသတွင်းပြည်သူလူထုကို ဦးစားပေး ဖန်တီးပေးဖို့ လိုအပ်တယ်။”

ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ ဒီသေမင်းတမန်ရထားလမ်းကို အသုံးချပြီး ထိုင်းနိုင်ငံဘက်ကတော့ နိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍ မြှင့်တင်တဲ့နေရာမှာ ဒီသေမင်းတမန်ရထားလမ်းဟာ နှစ် ၃၀ ကျော်ကြာ အဓိကနေရာက ပါဝင်နေပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံဘက်ကတော့ ဒီသေမင်းတမန်ရထားလမ်းကို အသုံးပြုခွင့် ရပ်ဆိုင်းထားခဲ့တာ နှစ်ပေါင်း ၇၀ နီးပါ ရှိပါပြီ။ အဲ့ဒီအတွက် မွန်ပြည်နယ်ဒေသတဝိုက်ဟာ ပြည်တွင်းခရီးသွားကဏ္ဍမှာ ပျောက်ကွယ်နေရတာလို့ ဦးဖြိုးဝေရာဇာ က သူ့ရဲ့အမြင်ကိုပြောပါတယ်။

ဒါကြောင့် ဒီရထားလမ်း ပြန်လည်ဖွင့်လှစ်တာနဲ့ တပြိုင်တည်း ဒေသခံတိုင်းရင်းသားတွေကို အဓိကထားပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနှစ်နိုင်ငံခရီးသွားကဏ္ဍကိုလည်း တိုးတက် အောင်လုပ်သွားမှာပါလို့ သူကဆက်ပြောပါတယ်။

“မွန်ပြည်နယ်မှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ ချိတ်ဆက်ပြီး၊ ထိုင်းနိုင်ငံထဲက၀င်ရောက်တာဖြစ်ဖြစ်၊ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ ဆက်ပြီးလည်ဖို့ ပို့ဆောင်တာပဲဖြစ်ဖြစ်၊ ၂ နိုင်ငံ ချိတ်ဆက်ပြီး ခရီးစဉ်တွေ ဆောင်ရွက်ဖို့ အခန်းကဏ္ဍပဲပေါ့။ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တာကတော့ ခရီးသွားလုပ်ငန်းအနေနဲ့ အထူးပါမယ်မထင်ဘူး။”

သေမင်းတမန် ရထားလမ်းပြန်လည်ဖွင့်လှစ်လိုက်မယ်ဆိုရင် မွန်ပြည်နယ်ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုတွေအတွက် တိုးတက်မယ့် အလားအလာတွေရှိတယ်လို့ မွန်ပြည်နယ်ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောပါတယ်။

ဒါ့အပြင် သေမင်းတမန်ရထားလမ်း ပြန်လည်ဖွင့်လှစ်တဲ့နေရာတလျှောက်မှာ ဒေသတွင်းတည်ငြိမ်မှုတွေ လက်ရှိအနေအထားထက် ပိုလိုအပ်နေတယ်လို့လည်း ဦးဖြိုးဝေရာဇာက ပြောပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးကော်မတီကတော့ ဒီရထားလမ်းကြီး ပြန်လည်ဖွင့်လှစ်တာနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဒေသတွင်းရောက်လာဖို့အတွက် အစီအစဉ်တွေ စတင်ရေးဆွဲမှာဖြစ်ပါတယ်။

လက်ရှိမှာ မီးရထားဝန်ကြီးဌာနရဲ့ ဒီရထားလမ်းကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးမယ့် အချိန်ကို ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက စောင့်ဆိုင်းနေကြပါတယ်။

ဘယ်အချိန်မှာ ဖွင့်လှစ်နိုင်မယ် ဆိုတာကတော့ အစိုးရရဲ့ ဘတ်ဂျတ်ချပေးမယ့်အချိန်ပေါ်မှာ မူတည်နေပါတယ်လို့ ဦးဖြိုးဝေရာဇာက ဆက်ပြောပါတယ်။

သေမင်းတမာန်ရထားလမ်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၂ ခု၊ ဒီဇင်ဘာကစပြီး လေ့လာတိုင်းတာမှုတွေကို အစိုးရဘက်က စတင်လုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်က မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ ထီးခီးဘက်မှာတော့ ဂိတ်ပေါက်တခု ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013