Home
Lead Story
မြန်မာနိုင်ငံတွင် ရက်ပေါင်း ၉၀ အတွင်း COVID-19 ဖြစ်ပွားမှု အခြေအနေ
DVB Digital
·
June 22, 2020
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာစတွေ့ခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ရက်ပေါင်း ၉၀ ရှိပြီဖြစ်သည်။ အတည်ပြုလူနာ မတွေ့ခင် ၁၀ ရက်အလိုကတည်းက ပွဲလမ်းသဘင်များကို ရပ်ဆိုင်းခြင်းတို့အပြင် စပိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီစသည့် ဥရောပနိုင်ငံများသို့ ခရီးသွားလာဖူးသူများကို အသွားအလာကန့်သတ် စောင့်ကြည့်မည်ဖြစ်ကြောင်းနှင့် ရုပ်ရှင်ရုံ၊ မူကြိုကျောင်းနှင့် နေ့ကလေး ထိန်းကျောင်းများ ပိတ်ရန် အစိုးရက ညွန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဆုံး အတည်ပြုလူနာ (၂) ဦးကို မတ်လ ၂၃ ရက်နေ့တွင် တွေ့ရှိခဲ့ပြီး ၄င်းတို့သည် ပြည်ပကူးစက်လူနာများ ဖြစ်ကြသည်။ လူနာအမှတ် (၁) နေထိုင်သည့် ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ၊ ကပ်တဲလ်ရွာကို မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းကစပြီး အသွားအလာ ကန့်သတ်ခဲ့သည်။ ရက်ပေါင်း ၉၀ အတွင်း ရောဂါဖြစ်ပွားသူပေါင်း (၂၉၀) ရှိပြီး သေဆုံးသူ (၆)ဦး ရှိသည်။ လက်ရှိအချိန်ထိ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့ပဲ ပျောက်ကင်းသူ (၂၀၀) ဦး ရှိပြီး၊ ၄င်းတို့မှ ဆေးရုံဆေးခွင့်ရသူ (၁၈၃) ဦးရှိပြီဖြစ်သည်။ 90 days and COVID 19 မြန်မာနိုင်ငံတွင် ရောဂါပိုးစတွေ့ပြီး တစ်ပတ်အကြာတွင် အတည်ပြုလူနာပေါင်း (၁၀) ဦးတွေ့ရှိခဲ့ပြီး ပြည်ပသို့ ခရီးသွား ရာဇဝင်မရှိသည့် နိုင်ငံတွင်းကူးစက်သူ (၂) ဦးပါဝင်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့ကပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဥ်များကို ရပ်နားခဲ့သည်။ ထို့နောက် နိုင်ငံတွင်းကူးစက်မှုများ မြင့်တက်လာခဲ့ပြီး ဧပြီလဆန်းပိုင်းတွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကျင်းပမည်မဟုတ်ကြောင်းနှင့် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့တို့တွင် မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စနှင့် အစားသောက်ဝယ်ခြင်းမှအပ နေအိမ်တွင်နေထိုင်ရန် အစိုးရက ကြေညာခဲ့သည်။ ဧပြီလ ၁၈ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါပိုးတွေ့ရှိမှု များသည့် တောင်ဥကလာ၊ ပန်းဘဲတန်း၊ ဗဟန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ မရမ်းကုန်နှင့် လှိုင်သာယာတို့ကို (Stay at Home) နေအိမ်တွင်နေထိုင်ရေး အမိန့်ကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ (၂၁)၊ ပုဒ်မခွဲ (ခ) အရ ထုတ်ပြန်ခဲ့သည်။ တစ်ပတ်အကြာ ဧပြီလ ၂၅ ရက်နေ့၌ နေအိမ်တွင် နေထိုင်ရေးအမိန့်တွင် မင်္ဂလာဒုံ၊ တာမွေနှင့် ဗိုလ်တထောင် စသည့်မြို့နယ်များ ထပ်တိုးပါဝင်လာခဲ့သည်။ ထို့ပြင် ဧပြီလ ၁၁ ရက်နေ့တွင် အသွားအလာ ကန့်သတ်မှုကို ၁၄ ရက်အစား ၂၁ ရက်ပြောင်း လဲခဲ့သည်။ သင်္ကြန်ပိတ်ရက်ကာလဖြစ်သည့် ဧပြီ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့သည် အတည်ပြုလူနာတွေ့မှု ရက်သတ္တပတ် ၄ ပတ်မြောက်သည့် ကာလဖြစ်ပြီး ဘာသာရေး ဆုတောင်းပွဲကတစ်ဆင့် ကူးစက်မှု ကြောင့် နိုင်ငံတွင်းကူးစက်မှု တစ်ရှိန်ထိုး မြင့်တက်သွားခဲ့သည့် ကာလလည်းဖြစ်သည်။ အဆိုပါ ရက်သတ္တပတ်တွင် အတည်ပြုလူနာဦးရေ ၇၀ ဦးဖြင့် ပိုးတွေ့လူနာ အများဆုံး တွေ့ရှိခဲ့ပြီး ၆၈ ဦးမှာ နိုင်ငံတွင်း ကူးစက်သူများ ဖြစ်ကြသည်။ ရက်ပေါင်း ၉၀အတွင်း ရောဂါပိုးတွေ့ရှိမှုတွင် ၄၅ ရာခိုင်နှုန်းသည် နိုင်ငံတွင်းကူးစက်လူနာများလည်း ဖြစ်ကြသည်။ နိုင်ငံတွင်းကူးစက်သူ (၁၆၀)ဦးရှိပြီး ၄င်းတို့အနက် ပိုးတွေ့လူနာနှင့် အနီးကပ်ထိ တွေ့ခဲ့ခြင်းမရှိသလို ခရီးသွား ရာဇဝင်လည်း မရှိခဲ့ဖူးသည့် နိုင်ငံတွင်းကူးစက်လူနာ (၁၈) ဦးရှိသည်။ မေ ၄ ရက်နေ့မှ ၇ ရက်နေ့ထိ ရက်သတ္တပတ် ၇ ပတ်မြောက်တွင် ပြည်ပကူးစက် လူနာ တစ်ဦးမှ မရှိခဲ့ပေ။ သို့သော်လည်း ဘာသာရေး အခမ်းအနား တက်ရောက်ခဲ့သူတချို့ကတစ်ဆင့် မိသားစုဝင်များကို ပြန်လည်ကူး စက်မှုကြောင့် နိုင်ငံတွင်းကူးစက်ခံရသူ ၂၅ ဦးရှိပြီး နိုင်ငံတွင်းကူစက်မှု တတိယအများဆုံး ရက်သတ္တပတ်လည်းဖြစ်သည်။ ထို့နောက် ၂ ပတ်တိတိ နိုင်ငံတွင်း ကူးစက်မှု လုံးဝမရှိခဲ့ပေ။
ရောဂါပိုးတွေ့လူနာ၏ (၂၃) ရာခိုင်နှုန်း (၆၅) ဦးမှာ စောင့်ကြည့်လူနာများဖြစ်ကြပြီး ကျန် (၇၇) ရာခိုင်နှုန်း (၂၂၅) ဦးမှာ အသွားအလာ ကန့်သတ်ခံရသူနှင့် ပိုးတွ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများ ဖြစ်ကြသည်။ ဧပြီလ ၁၅ ရက်နေ့မှ မေလ ၁၆ ရက်နေ့ထိ အသွားအလာ အကန့်သတ်ထားသူ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မေလ ၁၇ ရက်နေ့မှစပြီး အသွားအလာကန့်သတ်ထားသူ အားလုံးကို ဓာတ်ခွဲစစ်ဆေး မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မေလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ပြောကြားခဲ့သည်။ ထို့နောက် ဓာတ်ခွဲစစ်ဆေးမှုလည်း များလာပြီး ဓာတ်ခွဲဌာနများသည်လည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာနတို့အပြင် အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ကုတင်- ၁၀၀၀)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန မော်လမြိုင်နှင့် မန္တလေးတို့၌လည်း COVID-19 ရောဂါပိုး စစ်ဆေးနိုင်ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာမှ ကယ်ဆယ်ရေးလေယာဥ်များဖြင့် ပြန်လာသူများကို အသွားအလာ ကန့်သတ်စောင့် ကြည့်ပြီး ရောဂါပိုးစစ်ဆေးမှုကြောင့် မေလနောက်ဆုံးပတ်တွင် ဓာတ်ခွဲစစ်ဆေးမှုများ မြင့်တက်ခဲ့သည်။ ထို့ပြင် တစ်ဖက်တွင် နိုင်ငံတကာကနေ ကယ်ဆယ်ရေး လေယာဥ်များဖြင့် ပြန်ဝင်လာသူများ ဆက်တိုက်ရှိနေခဲ့သလို နယ်စပ်ကတစ်ဆင့် ပြန်လာသူများလည်း ဆက်တိုက်မြင့်တက်နေသည့် အချိန်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှုတွင် ပြည်ပကူးစက်လူနာများ ဆက်တိုphက်မြင့်တက်လာခဲ့သည်။ ပြည်ပကူးစက်မှုများသည် (commercial flight) လေယာဥ်ခရီးစဥ်များမပိတ်ခင်က ၀င်ရောက်လာ သူများ၊ နယ်စပ်မှ ပြန်လာသူနှင့် ကယ်ဆယ်ရေးလေယာဥ်ဖြင့် ပြန်လာသူများတွင်တွေ့ နိုင်ပြီး ပြည်ပကူးစက်မှု၏ (၅၅) ရာခိုင်နှုန်းမှာ ကယ်ဆယ်ရေး လေယာဥ်များဖြင့် ပြန်လာကြသူထံမှ ဖြစ်သည်။ ထို့ကြောင့် ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို အိမ်ပြန်လမ်းတစ်လျှာက်၊ အသွားအလာကန့် သတ်ရက် ၂၁ရက်နှင့် နေအိမ်သို့ ပြန်ရောက်ပြီး ၇ရက် စုစုပေါင်း ၂၈ ရက်အတွင်း မဖြစ်မနေလိုက်နာရန် မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။
မေလ ၁၁ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့ထိ ရက်သတ္တပတ် ၈ ပတ်မှ ၁၂ ပတ်မြောက်ထိ ငါးပတ်အတွင်း ပြည်တွင်းကူးစက်လူနာ (၅) ဦးသာ ရှိခဲ့သော်လည်း ပြည်ပကူးစက်လူနာလည်း (၇၇) ဦးထိရှိသည်။ နိုင်ငံအသီးသီးကနေ ကယ်ဆေးရေးလေယာဥ်များမှတစ်ဆင့် ပြန်ရောက်လာသူများအနက် အိန္ဒိယမှ ပြန်လာသူများတွင် ရောဂါပိုးအများဆုံးတွေ့ရှိထားပြီး (၄၆) ဦးရှိပြီဖြစ်သည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ COVID-19 ဖြစ်ပွားမှုသည် ကမ္ဘာ့ပေါ်တွင် စတုတ္ထ အများဆုံး ဖြစ်သည်။ ဖေဖော်ဝါရီလမှ ဇွန်လ ၂၀ ရက်နေ့ထိ အစိုးရ သို့မဟုတ် ပုဂ္ဂလိက အစီအစဥ်ဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ယူအေအီး၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ပြင်သစ်၊ နီပေါ၊ ဂျာမနီ၊ သီရိလကာ၊ မော်ဒိုက်၊ အီတလီ၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ယူကေ၊ ကာတာနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှ ပြန်လာသူပေါင်း ၅,၆၀၀ ကျော်ရှိသည်။ တစ်ဆက်တည်းမှာပဲ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံတွင်းကူးစက်မှာ အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသ ကြီးတွင် နိုင်ငံတွင်း ကူးစက်လူနာ မရှိတော့သည်မှာ ရက်ပေါင်း (၃၅) ရက်ဆက်တိုက် ရှိပြီဖြစ်သည်။ မေလနောက်ဆုံးပတ်တွင် သက်သက်ပျောက်ကင်းသူ များလာခဲ့ပြီး အင်းစိန်မြို့နယ်မှအပ Stay at Home အမိန့်များကို ပယ်ဖျက်ခဲ့ပြီး စျေးဆိုင်များ ပြန်ဖွင့်ခွင့်ပေးတာအပြင် ညမထွက်ရအချိန်ကိုလည်း ၁၀ နာရီအစား ၁၂ နာရီထိ ပြောင်းလဲခဲ့သည်။ လက်ရှိချိန်ထိ ရောဂါပိုးတွေ့လူနာ၏ (၆၉) ရာခိုင်နှုန်းမှာ ပျောက်ကင်းပြီးဖြစ်သည်။ ကယားပြည်နယ်မှ အပ တစ်နိုင်ငံလုံး၌ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိတွင် နေပြည်တော် ၊ မန္တလေး၊ တနင်္သာရီ၊ ပဲခူးနှင့် ဧရာဝတီတို့တွင် ဆေးကုသဆဲလူနာများ မရှိတော့ပါ။ တစ်နိုင်ငံလုံး ရောဂါဖြစ်ပွားမှု၏ (၇၀) နှုန်းရှိသည့် ရန်ကုန်တိုင်းတွင်လည်း အတည်ပြုလူနာ၏ လေးပုံ ၃ ပုံကျော်သည် ပြန်လည်သက်သာ သွားပြီးဖြစ်သည်။ သို့သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ၂၈ ရက်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု တစ်ဦးတစ်ယောက်မျှ မရှိမှသာ ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိတော့ဟု ယူဆနိုင်မှာဖြစ်ကြောင်း ဇွန်လ ပမပတ်က သတိပေးထားသည်။ ဇွန်လ ၁၈ ရက်နေ့တွင် ဓာတ်ခွဲ စစ်ဆေးမှုပေါင်း ၂,၄၂၂ စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ (၂၃) ဦးကို တွေ့ရှိခဲ့ သည်။ ရက်ပေါင်း ၉၀ အတွင်း အတည်ပြုလူနာ တွေ့ရှိမှု အများဆုံးရက်လည်းဖြစ်သည်။ အဆိုပါနေ့တွင် မလေးရှားနိုင်ငံမှ ပြန်လာသူ (၄) ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၁၉) ဦးတွင် COVID - 19 ပိုးတွေ့ရှိခဲ့ ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် COVID-19 ဖြင့် သေဆုံးသူပေါင်း (၆) ဦးရှိသည်။ အဆိုပါ သေဆုံးသူအားလုံးတွင် သွေးတိုး၊ ဆီးချိုနှင့် ကင်ဆာ စသည့်ရောဂါအခံ ရှိသူများလည်း ဖြစ်ကြသည်။ COVID-19 ကြောင့် သေဆုံးမှုသည် ဧပြီလ ၂၉ ရက်နေ့က နောက်ဆုံးဖြစ်ပြီး ရက်ပေါင်း ၅၀ ကျော်ကြာအထိ သေဆုံးသူ မရှိခဲ့ပါ။ သို့သော် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့၍ မေလ ၁၁ ရက်နေ့တွင် ဆေးရုံဆင်းခဲ့သည့် လူနာအမှတ် ၁၁၁ သည် မေလ ၂၃ ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းအရ ဇွန်လ ၂၁ရက်နေ့ထိ ဓာတ်ခွဲစစ်ဆေးသူပေါင်း (၆၂,၀၇၀) ရှိပြီး လူတစ်သန်းတွင် (၁,၁၄၁) ဦးကို စစ်ဆေးနိုင်ခြင်း ဖြစ်သည်သည်။ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက် များလာသော်လည်း အဆိုပါစစ်ဆေးမှု ပမာဏသည် အာဆီယံနိုင်ငံများတွင် အနည်းဆုံး ဖြစ်နေသေးသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024