DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် ပအိုဝ်းပြည်သူ့စစ်က အန်အယ်လ်ဒီရုံးကို လက်နက်ဖြင့်ဝိုင်း
DVB
·
May 16, 2013
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပအိုဝ်းအမျိုးသား တပ်မတော်အသွင်ပြောင်း ပြည်သူ့စစ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နန်းဟောင်းကျေးရွာအုပ်စု မောက်စံကျေးရွာရုံးကို လက်နက်နဲ့ ၀ိုင်းထားတယ်လို့ အန်အယ်လ်ဒီတောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက် ပြည်သူ့စစ် ၃၀ လောက်က လက်နက်နဲ့ ၀ိုင်းထားပြီး ရုံးထဲမှာ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အိမ်ပိုင်ရှင်ရယ်၊ တခြားရွာသား ၃ ယောက်ရယ်ကို ပေးမထွက်ဘူးတဲ့။ အဲဒါကြောင့် ကျနော်တို့လည်း သက်ဆိုင်ရာ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့)၊ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) တွေ အကြောင်းကြားထားတော့ အခုတော့ စရဖ ဆင်းသွားတယ်လို့ ကြားတယ်။ စ၀ိုင်းတာတော့ မနေ့ည ၁၀ နာရီလောက်ကတည်းက” လို့ ဦးတင်မောင်တိုးက ရှင်းပြပါတယ်။

မောက်စံကျေးရွာ အန်အယ်လ်ဒီရုံးတည်ရှိတဲ့ ရွာလမ်းမကြီးတလျှောက်ကို ပိတ်ထားပြီး ကလေးငယ်တွေကလွဲရင် ဖြတ်သန်းသွားလာခွင့် မပေးဘူးလို့ ဆိုပါတယ်။

ဘာကြောင့်ဝိုင်းခံရတယ်ဆိုတာ မသိရသေးပေမယ့် မနေ့ကတော့ အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ရွာသား ၂ ဦးကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့တဲ့အပေါ် လွှတ်ပေးဖို့ ပအိုဝ်းအဆင့်မြင့်အရာရှိတဦးနဲ့ ဆွေးနွေးပြီးတဲ့နောက် ၀ိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူက “လွန်ခဲ့တဲ့ မေ ၁၄ ရက်နေ့တုန်းက တောင်ကြီးမြို့နယ် နန်းဟောင်းကျေးရွာအုပ်စု မောက်စံရွာသား ၂ ယောက်ကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က လက်ထိတ်ခတ် ဖမ်းခေါ်ပါတယ်။ အဲဒီကိစ္စ ရွာသားတွေက အန်အယ်လ်ဒီကို အကူအညီတောင်းလို့ ဟိုပုန်းမှာရှိတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်ကို သွားရောက်တွေ့ဆုံညှိနှိုင်းပါတယ်။ အဲဒီညှိနှိုင်းပွဲမှာ မြေယာကိစ္စကိုတော့ ဥက္ကဋ္ဌက သူတာဝန်မခံဘဲ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ လုပ်ပေးမယ်လို့ ကတိပြုခဲ့တယ်။ ဒါပေမယ့် မလွှတ်တဲ့အပြင် ညှိပြီးအပြန်မှာ ရွာသား ၃ ယောက် ထပ်ဖမ်းခံရပြန်တယ်” လို့ ပြောပါတယ်။

ရွာသားတွေကို ဖမ်းဆီးမှုဟာ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က သိမ်းဆည်းထားတဲ့မြေတွေကို ရွာသားတွေက ပြန်တောင်းတာကြောင့် ရွာသားတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ ဖမ်းဆီးပြတာလို့ ဦးတင်မောင်တိုးက ခန့်မှန်းပြောဆိုပါတယ်။ နန်းဟောင်းနဲ့ မောက်စံရွာတွေမှာ ပီအန်အိုက သိမ်းဆည်းထားတဲ့ မြေဧက ၅၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလို လက်နက်ကိုင်စွဲပြီး ဖမ်းဆီးချုပ်နှောင်တာမျိုးတွေနဲ့ မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013