သီးနှံကုန်ထုတ်လမ်းမပေးဘဲ ခြံစည်းရိုးကာထားသဖြင့် မကွေးတောင်သူ ၅၀ ကျော် အခက်အခဲဖြစ်
DVB
·
June 21, 2020
မကွေးတိုင်းအတွင်း လမ်းဘေးဝဲယာက လယ်ယာမြေတွေကို ဝယ်ယူပြီး တခြားနည်း အသုံးပြုတဲ့အခါ သီးနှံကုန်ထုတ်လမ်း မပေးဘဲ ခြံစည်းရိုး ကာရံကြတာကြောင့် တောင်သူ ၅၀ ကျော် အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒီကိစ္စကို ပြန်လည်စိစစ်ခိုင်းထားပြီး လယ်ယာမြေဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ မကွေးတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ပြောပါတယ်။
“လမ်းဘေးဝဲယာက လယ်ယာမြေတွေ ဝယ်ယူပြီး အခြားနည်းသုံးစွဲတဲ့သူတွေကို အတွင်းထဲက ယာတွေကို အလွယ်တကူ သွားလာနိုင်ဖို့ ပေ ၂၀ စီ လှူဒါန်းပေးပြီးမှ သုံးစွဲခွင့် ပြုထားတာပါ။ လက်တွေ့မှာတော့ သီးနှံကုန်ထုတ်လမ်းအတွက် မြေမချန်လှပ်ဘဲ အသုံးပြုနေတယ်လို့ ကြားသိရတဲ့အတွက် ပြန်လည်စိစစ်ဖို့ တာဝန်ပေးထားပါတယ်။ အဲဒီလို လမ်းမပေးဘဲ အခြားနည်းအသုံးပြုတဲ့သူတွေကို လယ်ယာမြေဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်။”
လမ်းဘေးက ယာတွေကို ဝယ်ယူစဉ်က ကုန်ထုတ်လမ်းပေးမယ်ဆိုလို့ နီးစပ်တဲ့ယာတွေက လက်မှတ်ရေးထိုးပေးခဲ့ကြပေမယ့် ခြံစည်းရိုးခတ် သံဆန်ခါတွေ ကာရံထားတာကြောင့် အတွင်းထဲက ယာတွေကို ဝင်ထွက်သွားလာဖို့ အခက်အခဲ ဖြစ်နေတာလို့ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာ တောင်သူ ဦးညွန့်မင်းက ပြောပါတယ်။
“အဲဒီအခက်အခဲနဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်ကို စာတင်တောင်းဆို့ခဲပေမယ့်လည်း ဒီနေ့အချိန်ထိ ဖြေရှင်းမပေးသေးပါဘူး။ အခြားနည်း အသုံးပြုကြတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ခြံစည်းရိုးတွေကို ပေ ၂၀ လောက် ဖယ်ရှားပေးပြီး ယာခင်းထဲကို ဝင်ထွက်နိုင်တဲ့ ကုန်ထုတ်လမ်းပေးရင် အဆင်ပြေကြမှာပါ။”
နွေရာသီ ထွန်ယက်ချိန်မှာ ယာပြင်တွေက ပတ်မောင်းလို့ အဆင်ပြေပေမယ့် အခုလို မိုးသီးနှံစိုက်ပျိုးတဲ့ကာလမှာ ရှေ့ကနေ ခြံစည်းရိုးတွေ ကာရံထားတာကြောင့် ယာခင်းထဲကို တိုက်ရိုက်မဝင်နိုင်ဘဲ အခက်အခဲ ဖြစ်နေကြတာလို့ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာ တောင်သူ ကိုဝေဇင်အောင်က ပြောပါတယ်။
“ယာခင်းတွေမှာလည်း သီးနှံစိုက်ပျိုးထားကြတာကြောင့် အပင်တွေ ထိခိုက်ပျက်စီးမှာစိုးလို့ အဖြတ်မခံဘဲ ကွေ့ပတ်သွားရတဲ့အတွက် အချိန်ကုန်တဲ့အပြင် လုပ်အားခတွေပါ မြင့်တက်ပါတယ်။ အနီးနားပတ်ဝန်းကျင် ကျေးရွာတွေမှာလည်း လမ်းဘေး ဝဲယာမြေတွေကို ခြံစည်းရိုးကာရံလိုက်လို့ သီးနှံထုတ်ကုန်လမ်း အခက်အခဲဖြစ်နေကြတဲ့ တောင်သူ ၅၀ ကျော်ခန့်ရှိပါတယ်။”
အဲဒီလို သီးနှံကုန်ထုတ်လမ်း အခက်အခဲဖြစ်နေတာကြောင့် ဒေသခံတောင်သူတွေ စုပေါင်း လက်မှတ်ရေးထိုးပြီး ၂၀၁၈ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်မှာ တစ်ကြိမ်၊ အခု ၂၀၂၀ မှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင်တိုင် တင်ပြတောင်းဆိုထားတယ်လို့ မကွေးမြို့နယ် ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။
မင်းထီး