လူနာအမှတ် ၂၄၂ ကို ဓာတ်ခွဲနမူနာ ပြန်စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
June 21, 2020
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနေတဲ့ သရက်မြို့နယ်က လူနာအမှတ် ၂၄၂ ကို ဇွန်လ ၂၀ ရက်နေ့က ပထမအကြိမ်ပြန်လည်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘူးလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
“မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ငါးထပ်ဆောင်မှာ သီးခြားကုသပေးနေတဲ့ သရက်မြို့နယ်ထဲက အမျိုးသမီး COVID-19 ရောဂါလူနာရဲ့ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တို့ ရယူပြီး ပထမအကြိမ် ပြန်လည်ဓာတ်ခွဲစစ်ဆေးရာ COVID-19 ရောဂါပိုး မတွေ့ရပါဘူး။”
ဇွန် ၇ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေရှိခဲ့တဲ့ သရက်မြို့နယ် ကွမ်းအုံကျေးရွာ ဇာတိ လူနာအမျိုးသမီးဟာ ထိုင်နိုင်ငံကနေ ပြန်လာတာဖြစ်ပြီး သရက်မြို့ Quarantine စင်တာမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတာပါ။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃ ဦးအနက် ၂ ဦးကို ရောဂါပိုးမတွေ့တော့လို့ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့လည်း ပြောပါတယ်။
မကွေးတိုင်းအတွင်းက ဆေးရုံတွေမှာ စောင့်ကြည့်လူနာ ၁၃ ဦးလောက် တက်ရောက်နေပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးထားပါတယ်။
တိုင်းဒေသကြီးအတွင်းက Quarantine စင်တာတွေမှာ ပြည်ပက ပြန်ဝင်လာသူ ၆၀၀၀ ကျော်လောက်ရှိပြီး ဓာတ်ခွဲနမူနာတွေ ပေးပို့ စစ်ဆေးနေပါတယ်။