Homeမြန်မာသတင်းမွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁ ဦးထပ်တွေ့
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁ ဦးထပ်တွေ့
မွန်ပြည်နယ်မှာ ထိုင်းနိုင်ငံက ပြန်လာတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် တစ်ဦး ထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါလူနာသစ်ဟာ မွန်ပြည်နယ် ပေါင်မြို့နယ်က အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး မော်လမြိုင်မြို့မှာ အသွားအလာကန့်သတ် Quarantine ထားရှိခံနေရသူ ဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၅၆၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၂၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY) မှ ဓာတ်ခွဲနမူနာ ၃၆၅ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL-MLM) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၁၈၈ ခု၊ စုစုပေါင်း ၁,၃၄၆ ခုကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ်တစ်ဦး ထပ်မံတွေ့ရှိတာပါ။
ဇွန်လ ၂၀ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာပေါင်း ၂၈၇ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၉၆ ဦးရှိပြီး ဒီအထဲက ၁၇၇ ဦးကို ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ပါတယ်။