ချမ်းမြသာစည်မြို့နယ် အလှကုန်ဖြန့်ချိရေးဆိုင်တခုတွင် လူသတ်မှုဖြစ်
DVB
·
June 20, 2020
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၆၅ လမ်း၊ သဇင်လမ်းနဲ့ ငုပြာလမ်းကြားမှာရှိတဲ့ ဆံပင် အလှကုန်ဖြန့်ချိရေးဆိုင်တဆိုင်မှာ ဇွန် ၁၉ ရက်နေ့ ညနေ ၆ နာရီအချိန်က လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ ဆိုင်အတွင်း ဝန်ထမ်းဖြစ်သူ ချမ်းမြေ့အောင်(ခ)အာမိန်လော့နဲ့ မစန္ဒာဝင်း တို့နှစ်ဦးဟာ ကုန်ပစ္စည်းပြသရောင်းချနေပြီး ဆိုင်တာဝန်ခံ မအေမောင်စောဟာ ဆိုင်အတွင်းဘက် ရုံးခန်းမှာ စာရင်းတွေ လုပ်နေတဲ့အချိန် ဆိုင်အတွင်းကို အင်္ကျီအစိမ်းရောင်ဝတ် အမျိုးသားတစ်ဦး ဝင်လာတယ် CCTC မှတ်တမ်းအရ သိရပါတယ်။
ဒီနောက် အော်သံကြားရတာကြောင့် ဆိုင်တာဝန်ခံ မအေမောင်စောဟာ ရုံးခန်းအတွင်းကနေ ထွက်လာပြီး တံခါးဖွင့်ကြည့်ရာ ဈေးဆိုင်ခန်းအဝင်တံခါးအနီးမှာ ချမ်းမြေ့အောင်နဲ့ လူတစ်ဦး လုံးထွေးနေတာကို တွေ့ရတာကြောင့် အနီးဆုံးရဲကင်းကို သွားရောက် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်တာဝန်ခံ မအေမောင်စော ပြန်လာတဲ့အချိန်မှာ ချမ်းမြေ့အောင်(ခ)အာမိန်လော့ကို ဆိုင်ခန်းထဲမှာ လည်ပင်းဓားဒဏ်ရာနဲ့ လဲကျ သေဆုံးနေတာကိုတွေ့ခဲ့ရပြီး ကျူးလွန်သူမှာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဆိုင်ဝန်ထမ်းဖြစ်တဲ့ မစန္ဒာဝင်းကို မေးမြန်းချက်အရ ဓားနဲ့ထိုးသူဟာ ဆိုင်အရောင်းဝန်ထမ်း ဖြစ်သူ မောင်ကိုကို(ခ)အားကျင်း ဖြစ်ပြီး သူနဲ့အတူ အခြားတစ်ဦး ပါလာကာ တိုးကြီး ဆိုသူ (စိစစ်ဆဲ) ဖြစ်တယ်လို့ သိရပါတယ်။
လူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်သူ မောင်ကိုကို(ခ)အားကျင်းနဲ့ တိုးကြီး (စိစစ်ဆဲ) တို့ကို အမှတ် (၁၁) နယ်မြေရဲစခန်းမှာ (ပ)၁၉၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ တို့နဲ့ အမှုဖွင့်ထားကာ မောင်ကိုကို(ခ)အားကျင်းကိုတော့ ဖမ်းဆီးရမိပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုင်လင်းဦး