ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခြင်း (ဘာသာပြန်ဆောင်းပါး) 

အနောက်တိုင်းသား လစ်ဘရယ်တွေက သူတို့ မျှော်လင့်သလို မဖြစ်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ကြတော့တာပဲ။ အများက စံထားရတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး နေ့ချင်းညချင်း ပုံရိပ်ကျဆင်းသွားတာမျိုးက သိပ်မများပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာပြည်ကို လက်တွေ့အုပ်ချုပ်နေတဲ့ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ပါတယ်။ တချိန်တုန်းကတော့  The Lady ဆိုတာ မြန်မာပြည်က စစ်အစိုးရကို အတိုက်အခံပြုရာမှာ မူဝါဒ ခိုင်မာတာ၊ သတ္တိကောင်းတာကြောင့် ၁၉၉၁ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။ အခုတော့ မြန်မာပြည်မှ ပထဝီအနေအထားအရ သီးသန့်ဆန်ပြီး၊ အလွန်ဆင်းရဲတွင်းနက်လှတဲ့ ရခိုင်ပြည်နယ်ထဲမှာ မွတ်စလင်လူနည်းစုရိုဟင်ဂျာတွေအပေါ်မှာ စစ်တပ်က ရက်ရက်စက်စက် စစ်ဆင်နေတာကို နှုတ်ဆိတ်နေတဲ့အတွက် (သို့မဟုတ်) ဘာမှ မလုပ်ပေးတဲ့အတွက်ဆိုပြီး ထိုးနှက်တာခံနေရပါတယ်။ နိုဘယ်ဆုကို ပြန်ရုပ်သိမ်းဖို့ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကို တောင်းဆိုတာတွေတောင် ရှိလာပါတယ်။ တချို့ ဝေဖန်ချက်တွေကတော့ မျှတပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နတ်ဆိုးတစ်ပါးတော့ မဟုတ်ပါဘူး။ သူမဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးသမား၊ စစ်တပ်က ဗီတို အာဏာကို ကိုင်ထားဆဲ၊ အလွန်ထိခိုက်လွယ်တဲ့ ဒီမိုကရေစီစနစ်အောက် အကန့်အသတ်နဲ့ အကောင်းဆုံး ကြိုးစားနေရပါတယ်။ ဒီလို အခြေအနေတွေကြောင့် (ရိုဟင်ဂျာအရေး နဲ့ပတ်သက်လို့) သွေးအေးလွန်းတဲ့ ဆုံးဖြတ်ချက်တွေကို ရွေးချယ်ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူများစုက ရွေးချယ်ပြီး ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင်နေရသူ တစ်ယောက်အနေနဲ့ လူနည်းစု အကျိုးစီးပွားကို စတေးရတာမျိုးလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ သူမကို ဝေဖန်နေသူတွေနဲ့ မတူတဲ့အချက်က ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာပြည်ရဲ့ မိုင်ထောင်ပေါင်းများစွာအဝေးမှာ နေပြီး လွတ်လွတ်လပ်လပ် ဝေဖန်၊ ဘာအကျိုးဆက်မှ မဖြစ်နိုင်တဲ့နေရာမျိုးမှာ ရှိနေတာမျိုး မဟုတ်ပါဘူး။ အန္တရာယ်အလွန်များပြီး နာကျင်စရာကောင်းတဲ့ နေရာမှာ ရှိနေပါတယ်။ ကျနော် The Lady ကို မထောက်ခံခဲ့ပါဘူး။ အရင်တုန်းကလည်း ပြုလွယ်ပြင်လွယ် မရှိတဲ့ သူမရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ဝေဖန်ခဲ့ဖူးပါတယ်။ တခါမှလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း တခါမှ အူလိုက်သည်းလိုက် ထောက်ခံခဲ့တာမရှိပါဘူး။ ဒါပေမဲ့ လူတွေက သူမအပေါ် ဝေဖန်မှုတွေဟာ သူမ ရင်ဆိုင်နေရတဲ့ အခြေအနေကို နည်းနည်းတောင် နားမလည်ဘဲ ပြောနေတာဖြစ်လို့ မျှတမှု မရှိဘူးလို့ ကျနော် ယုံကြည်ပါတယ်။ အပေါ်ယံကြည့်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်သူတွေ ထောက်ပြနေတဲ့ အချက်ဟာ သိပ်အင်အားရှိပါတယ်။ ရိုဟင်ဂျာအရေး ဆိုတာဟာ ကမ္ဘာမှာ သိပ်ကို ကံဆိုးလွန်း၊ ကူကယ်သူလည်း မရှိ၊ နှလုံးကြေကွဲစရာကောင်းတဲ့ အရေးတစ်ခုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ ၂၀၁၆ ခုနှစ်ကတည်းက ရခိုင်မှာ ကြောက်လန့်စရာ အကျိုးဆက်တွေ ဖြစ်ခဲ့တာကို ရည်ညွှန်းပြီး ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကိုတောင် မသုံးဘဲ ရှောင်ပါတယ်။ အကျိုးဆက်တွေ ဆိုတာဟာ ရိုဟင်ဂျာ အကြမ်းဖက်ဝါဒ၊ မြန်မာတပ်မတော်က ရိုဟင်ဂျာတွေအပေါ် ထိတ်လန့်စရာ လက်တုံ့ပြန်မှုနဲ့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့ရမှုတွေ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆီက ဝေဖန်သူတွေ၊ အနောက်တိုင်းပင်မ မီဒီယာပေါ်က ပရောဟိတ်တွေက စစ်တပ်ကို (အစိုးရကလည်း အလိုတူ အလိုပါ သဘောမျိုး) ရိုဟင်ဂျာတွေအပေါ် လူမျိုးရှင်းလင်းမှု (ethnic cleansing) လူမျိုးတုံး သတ်ဖြတ်မှု (genocide) တို့ကို ကျူးလွန်းတယ်လို့ စွပ်စွဲကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝေဖန်ခံလာရပါတယ်။ ဝေဖန်သူတွေထဲမှာ အင်ဂျလီနာဂျိုလီ၊ ဘော့ဂဲဒေါ့၊ ဘိုနိုတို့လို ထင်ရှားကျော်ကြား အနုပညာရှင်လည်း ပါဝင်ပါတယ်။ နယူးယော့ခ်တိုင်းကလည်း အယ်ဒီတာအာဘော် စာမျက်နှာကနေ သူကို အပြစ်တင်ခဲ့ပါတယ်။ ဝေဖန်သံတွေက တစစ ကျယ်လောင်လာပါတယ်။ မမေ့ထိုက်တဲ့ ကိစ္စကတော့ ရခိုင်ပြည်နယ်က ထိတ်လန့်စရာ အခြေအနေ (အမှန်တကယ်လည်း ထိတ်လန့်စရာကောင်းပါတယ်) ဆိုပေမယ့် ဒီနေ့ အကြပ်အတည်းဟာ ၂၀၁၆ မှာ စတင် ပေါ်ပေါက်ခဲ့တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြားထဲက ပဋိပက္ခဆိုတာဟာ မြန်မာပြည်မှာ ဟိုအတိတ်ကတည်းက ရှိခဲ့ပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းတွေထဲမှာ ကိုလိုနီခေတ်က တောင်အာရှသား မွတ်စလင် အလုပ်သမားတွေ အလုံးအရင်းနဲ့ မြန်မာပြည်ထဲ ဝင်လာကလည်း အကြောင်းတစ်ရပ်အဖြစ် ပါဝင်ပါတယ်။ ဗြိတိသျှကိုလိုနီပြုသူတွေဟာ ဒီလို လူအုပ်စုလိုက် ပြောင်းရွှေ့မှုကို အားပေးခဲ့ပါတယ်။ ဒီလိုနဲ့ လူများစု ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစု မွတ်စလင်တွေကြားထဲမှာ တင်းမာမှုတွေ ဖြစ်ပြီး နိုင်ငံအနှံ့မှာ အဓိကရုဏ်းတွေ ပြတ်တောင်းပြတ်တောင်း ပေါ်ပေါက်ခဲ့တာ မြန်မာပြည် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ (တကယ်တော့ လွတ်လပ်ရေး မရခင်ကတည်းက ဖြစ်ပါတယ်။ ဘာသာပြန်သူ) အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်ချင်းဆက်နေတဲ့ ရခိုင်ပြည်နယ်မှာဆိုရင် ဒီလိုပြဿနာရှိနေတာ ကာလရှည်ကြာနေခဲ့ပါပြီ၊ မြန်မာပြည် တခြား နေရာတွေနဲ့ မတူတာက ရခိုင်ပြည်နယ်ထဲမှာ မွတ်စလင် လူဦးရေဟာ သုံးပုံတစ်ပုံအထိ ရှိလာပါပြီ။ သူတို့ထဲမှာ ရိုဟင်ဂျာလို့ ခေါ်ကြသူတွေ၊ တနည်း ဘင်္ဂါလီတွေ၊ စစ်တကောင်းမွတ်စလင်တွေဟာ အများစု ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေက (ဗမာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေဟာ လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်း ရှိပါတယ်) မွတ်စလင်တွေနဲ့ ဆက်ဆံလာတာ ကိုလိုနီ ခေတ်ကတည်းက ဖြစ်ပါတယ်။ အဆင်ပြေတဲ့အချိန် ရှိသလို၊ အဆင်မပြေတဲ့အချိန်လည်း ရှိပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေက အင်္ဂလိပ်ခေတ်ကို ခေတ်ဆိုးလို မြင်ကြပါတယ်။ မွတ်စလင်တွေကိုလည်း နိုင်ငံခြား ကျူးကျော်မှုနဲ့ အတူ ကပ်ပါလာတဲ့ လူတွေအဖြစ် မြင်ကြပါတယ်။ လွတ်လပ်ရေးရတဲ့အခါ ဗမာ ခေါင်းဆောင်တွေဟာ နိုင်ငံခြားသား မုန်းတီးရေး မူဝါဒတွေကို ဇောင်းပေးလာကြရာမှာ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ ပြင်းထန်ခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်းဆိုတာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီး နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကို စတင်ပေးခဲ့သူ ဖြစ်ပါတယ်။ ပြန်ကြည့်တဲ့အခါ တရားဝင်ပေါ်လစီ ဖြစ်အောင် တွန်းအားပေးကြတဲ့နေရာမှာ အစိုးရမဟုတ်တဲ့အဖွဲ့တွေ (စိတ်သဘောထား ပြင်းထန်တဲ့ သံဃာတွေလည်း) ပါဝင်ခဲ့ပြီး တခါတရံ အာရှတောင်ပိုင်းကလာတဲ့ နိုင်ငံခြားသား တံဆိပ်တပ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာလောက် ဘယ်မှာမှ အခြေအနေ မဆိုးခဲ့ပါဘူး။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အကြမ်းဖက်မှုတစ်ကြိမ်၊ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ နောက်တစ်ကြိမ်နဲ့ ၁၉၉၀ အစောပိုင်းနှစ်တွေ၊ ၂၀၀၁ ကနေ ၂၀၀၂ အထိ၊ ၂၀၁၂ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ပြီး ၂၀၁၆၊ ၂၀၁၇ မှာ အကြပ်အတည်းဟာ အမြင့်ဆုံး အဆင့်ကို ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အာဏာရလာခဲ့တဲ့အချိန်ကစလို့ သူ့ရဲ့ အခန်းကဏ္ဍ (လုပ်ဆောင်ချက် သို့မဟုတ် ဘာမှ မလုပ်ပေးခြင်း) ပါဝင်လာပါတယ်။ မြန်မာနိုင်ငံဆိုတာ အန္တရာယ်များ၊ စစ်ဖြစ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗမာဗုဒ္ဓဘာသာဆိုတဲ့ လူများစုရဲ့ ထောက်ခံမှုကို ရရှိထားပါတယ်။ ဗမာဗုဒ္ဓဘာသာ တွေထဲမှာ တချို့ကမွတ်စလင် ဆန့်ကျင်ရေးသမားတွေ ဖြစ်ပြီး သူတို့ကို ထောက်ခံသူတွေလည်း ရှိပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက အစိုးရက ရိုဟင်ဂျာ ဆိုတာကို မြန်မာနိုင်ငံမှာ တရားဝင် စာရင်းမသွင်းခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမူဝါဒကို အမွေဆက်ခံရတာဆိုတာကိုလည်း မမေ့ကြဖို့လိုပါတယ်။ ဒီလိုအချက်တွေကို ပြောနေတာဟာ ရိုဟင်ဂျာအရေးဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆိုင်ဘူး၊ အပြစ်တင်တာတွေကို သက်သာစေဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်ဘောင် ကျဉ်းလွန်းတယ်ဆိုတဲ့ အချက်ကို သိစေဖို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီ လမ်းစပွင့်သွားတယ်ဆိုတာ ( ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရမှု) လက်ရှိ တပ်မတော် ခေါင်းဆောင်တွေက တခဏအတွင်းမှာပဲ လမ်းဆုံး လိုက်လို့ရတဲ့ အခြေအနေမျိုး အင်မတန် ပျက်စီးလွယ်တဲ့ သဘောရှိပါတယ်။ ဒေါ်အောင်ဆန်စုကြည်ရဲ့ အနီးကပ် မွတ်စလင် မိတ်ဆွေ ဦးကိုနီကို ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ သေနတ်ပစ် လုပ်ကြုံမှု (၂၀၁၇) ကိုကြည့်ရင် ဒီအချက်က ထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ခပ်ညံ့ညံ့မဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ အာဏာနိုင်ငံရေးကို နှောကျေသူ ဖြစ်ပါတယ်။ သိထားရမယ့် ကိစ္စက စစ်ဗိုလ်ချုပ်တွေကို ဆယ်စုနှစ်ပေါင်းများစွာ ဆန့်ကျင်လာသူတွေ အတော်များများကလည်း ရိုဟင်ဂျာ ဆန့်ကျင်ရေး သမားတွေ ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ ဖူးသစ်စ ဒီမိုကရေစီဆိုတာ လူဗြိန်းကြိုက်သမားတွေ၊ အစွန်းရောက် အမျိုးသားရေးဝါဒီတွေနဲ့ ပြည့်နေတတ်ပါတယ်။ (တကယ်တော့ ရင့်ကျင်တဲ့ အနောက် ဒီမိုကရေစီနိုင်ငံတွေလည်း ဒါတွေနဲ့ မကင်းပါဘူး။ ဘာသာပြန်သူ) မြန်မာပြည်မှာ မွတ်စလင်-ဗုဒ္ဓဘာသာ ပဋိပက္ခ (စစ်ဆင်ရေးတွေ အပါအဝင်) ကိုလည်း ပိုပြီး ပြင်းထန်တဲ့ ပုံစံ တစ်မျိုးအဖြစ် ရှုမြင်နိုင်ပါတယ်။ စစ်အုပ်ချုပ်ရေး သက်တမ်း ရှည်ကြာခဲ့ပြီး စိတ်ဝမ်းကွဲနေတဲ့ နိုင်ငံမျိုးမှာ ဒီမိုကရေစီကို စတင် လမ်းဖွင့်လိုက်တဲ့အခါ ဒါမျိုးတွေ ဖြစ်လာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မယ်ဆိုရင်တော့ ဒီလို အချက်အလက်တွေကို အားလုံးကို ထည့်တွက်ရပါမယ်။ သူမဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်း နည်းတူ အမျိုးသားရေးဝါဒီ၊ ဗုဒ္ဓဘာသာ၊ ဗမာလူမျိုး ဖြစ်နေတဲ့ အချက်ဟာ အရေးကြီးပါတယ်။ မြန်မာပြည်ရဲ့ ဂျော့ချ်ဝါရှင်တန်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဗမာဗုဒ္ဓ အမျိုးသားရေးဝါဒီတွေလိုပဲ သူဟာလည်း ကြီးမားကျယ်ပြန့်သလောက် ကိုင်တွယ်ရလည်းခက်၊ တိုင်းရင်းသားလည်းစုံတဲ့ မြန်မာနိုင်ငံကို အမည်ခံသက်သက် မဟုတ်ဘဲ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် မြင်ချင် တွေ့ချင်မှာပါပဲ။ ဒီလို အချိန်မျိုးမှာ ရိုဟင်ဂျာ အရေးကို ရှေ့တန်းတင်ဖို့ (ရိုဟင်ဂျာ အမည်ကို သုံးလို့ ဖြစ်ဖြစ်) အကျိုးဖြစ်ထွန်းစေမှာ မဟုတ်ပါဘူး။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်ချက်ဟာ အမေရိကန် ပြည်တွင်းစစ် မတိုင်ခင်က သမ္မတ အီဘရာဟင် လင်ကွန်းရဲ့ ရပ်တည်ချက်မျိုးနဲ့ တနည်းတဖုံ တူညီတယ်လို့ ကျနော် ယုံကြည်ပါတယ်။ သမိုင်းပညာရှင်တွေက လင်ကွန်းနဲ့ ရီပက်ဘလစ်ကန် ပါတီဟာ လွတ်မြောက်ရေး ကြေညာစာတမ်း (၁၈၆၂ စက်တင်ဘာ ၂၂ မှာ သမ္မတ လင်ကွန်းထုတ်ပြန်ခဲ့သော ကျွန်စနစ်ကို ဖျက်သိမ်းသော အမိန့်) မတိုင်ခင်ကတည်းက ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဦးတည်ခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ကျွန်စနစ်ကို ဖျက်သိမ်းသော အမိန့်မတိုင်ခင် တစ်လအလိုမှာ ကျွန်စနစ်ကို ဆန့်ကျင်တဲ့ သတင်းစာဆရာ Horace Greeley ထံ သမ္မတ လင်ကွန်းက စာရေးသားရာမှာ ပြည်တွင်းစစ်၏ အဓိကရည်ရွယ်ချက်မှာ ပြည်ထောင်စုကို ကယ်တင်ရန်ဖြစ်သည်လို့ ဖော်ပြထားပါတယ်။ ကျေးကျွန်းစနစ်ကို ကယ်တင်ရန်၊ ဒါမှမဟုတ် ဖျက်သိမ်းရန်လို့ ဘာမှ ရေးမထားပါဘူး။ သမ္မတ လင်ကွန်းက သူ့ရဲ့ ပုဂ္ဂလိက ဆန္ဒဖြစ်သော လူတိုင်းသည် မည်သည့်နေရာတွင်နေသည်ဖြစ် လွတ်လပ်ခွင့်ရှိသည် ဆိုသောအချက်ကို ဖော်ပြထားသော်လည်း ကျေးကျွန်စနစ်နှင့် အသားရောင်ရှိသူများ အရေးနှင့် ပတ်သက်လို့ ကျွန်ုပ်ဆောင်ရွက်လျှင်၊ ဆောင်ရွက် သမျှဟာ ပြည်ထောင်စုကို ကယ်တင်ရေးအတွက်ပဲ ဖြစ်ရမည်။ ဒီကိစ္စနှင့် ပတ်သက်လို့ ကျွန်ုပ် မဆောင်ရွက်လျှင်၊ မဆောင်ရွက်သော အကြောင်းမှာ ပြည်ထောင်စုကို ကယ်တင်ရေးအတွက်ပဲ ဖြစ်ရမည်။ လို့ ဆိုထားပါတယ်။ စာရဲ့ တနေရာမှာလည်း ကျေးကျွန်စနစ်ကို မဖျက်သိမ်းဘဲ ပြည်ထောင်စုကို ကယ်တင်ရမည် ဆိုလျှင်လည်း ကျွန်ုပ်အနေဖြင့် ထိုသို့ ဆောင်ရွက်ရန် ဝန်လေးမည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ဝန်ခံထားပါတယ်။ ဆိုလိုတဲ့ သဘောက သမ္မတ လင်ကွန်းလိုမျိုး ကျင့်ဝတ်ပိုင်းမှာ စံပြုထိုက်တဲ့ ပုဂ္ဂိုလ်မျိုးတောင် အာဏာရဲ့ အကန့်အသတ်ကို နားလည်ခဲ့ပါတယ်။ နောက်ဆုံးကျတော့ လင်းကွန်းက လူမည်း အမေရိကန်တွေကို နိုင်ငံသား အပြည့်အဝ ပေးချင်သလား၊ တန်းတူ သဘောထားသလား ဆိုတာတွေဟာ အရေးမကြီးတော့ပါဘူး။ သူဟာ အချိန်တန်တဲ့အခါ လုပ်ရမယ့် အလုပ်ကို လုပ်ခဲ့တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လင်ကွန်းလည်း မဟုတ်၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဧရာမ ခေါင်းဆောင်လည်း မဟုတ်ပါဘူး။ သူမဟာ ရိုဟင်ဂျာတွေအပေါ်မှာ ကြိုက်ခြင်း၊ မကြိုက်ခြင်း ကိစ္စ ရှိနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်မှုနဲ့ ညီညွတ်မှုကို တည်ဆောက်နိုင်မှသာ နိုင်ငံ တည်ငြိမ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ကာ ရခိုင်ရော၊ ရိုဟင်ဂျာရော၊ တခြား တိုင်းရင်းသားတွေအားလုံးအတွက်ပါ ပိုကောင်းတဲ့အခြေအနေတွေကို အာမခံနိုင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး အနောက်တိုင်းသား လစ်ဘရယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ လူ့အခွင့်အရေးအတွက် သူရဲကောင်းတစ်ယောက်လို ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အများစု ရှိနေတဲ့ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံ တစ်နိုင်ငံရဲ့အခြေအနေအောက်မှာ လူ့အခွင့်အရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။ ထိုအချိန်ကတည်းက သူမဟာ ဗုဒ္ဓဘာသာဝင်၊ ဗမာလူမျိုး၊ အမျိုးသားရေးဝါဒီ တစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့အထိလည်း သူမဟာ မပြောင်းလဲပါဘူး။ သူမကို ဝေဖန်သူတွေ အနေနဲ့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သိထားရမယ့် ကိစ္စက ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ဘိုနိုတို့၊ နယူးယောက်ခ်တိုင်းမ်းတို့လောက် လွတ်လပ်ချင်တိုင်း လွတ်လပ်နေသူ မဟုတ်ဘူး ဆိုတာပါပဲ။ နေသွင်ညိဏ်း (ဘာသာပြန်သည်) (Aung San Suu Kyi Is A Politician, Not A Monster BY PETER A. COCLANIS ကို ဘာသာပြန်ပါသည်။ စာရေးသူ PETER A. COCLANIS သည် အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားတက္ကသိုလ်မှ သမိုင်းပါမောက္ခ ဖြစ်ပြီး ထင်ရှားသော ကမ္ဘာ့ရေးရာ သုတေသီတစ်ဦးဖြစ်သည်။) (မူရင်းဆောင်းပါးတွင် ရိုဟင်ဂျာဟု သုံးနှုန်းထားသော်လည်း မြန်မာအစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို တရားဝင်သုံးစွဲခြင်း မရှိပါ။)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up