Homeမြန်မာသတင်း
လူနာသစ် ၂၃ ဦးနှင့်အတူ မလေးရှား၊ ထိုင်းမှ ပြန်လာသူ ၁၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့
လူနာသစ် ၂၃ ဦးနှင့်အတူ မလေးရှား၊ ထိုင်းမှ ပြန်လာသူ ၁၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့
DVB
·
June 20, 2020
ဇွန် ၁၉ ရက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ လူနာသစ် ၂၃ ယောက်နဲ့အတူ မလေးရှားနဲ့ ထိုင်းက ပြန်လာသူ ၁၂ ယောက်ကို ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။
မလေးရှားနဲ့ ထိုင်းနိုင်ငံနယ်စပ်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျလို့ ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးကို ထိုင်းအစိုးရ လ.ဝ.က ဘက်က မြန်မာနယ်စပ် မြဝတီဂိတ်ကနေ ဇွန်လ ၈ ရက်က လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီလိုလွှဲပြောင်းပြီးနောက်ပိုင်း သက်ဆိုင်ရာ ကရင်ပြည်နယ်အစိုးရကနေ ဘားအံမြို့နဲ့ ၅ မိုင်ကွာဝေးတဲ့ မူယစ်ဆေးဖြတ်စခန်းမှာ အသွားအလာကန့်သတ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးရာမှာ ၂၃ ဦးမှာရောဂါပိုးတွေ့ရှိခဲ့ပြီး ၁၂ ဦးကတော့ ရောဂါပိုး မတွေ့ရှိခဲ့တာလို့ ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောပါတယ်။
ရောဂါပိုးမတွေ့တဲ့ ၁၂ ဦးဟာ ၂၁ ရက်အတိ မူယစ်ဆေးဖြတ်စခန်းမှာ နေထိုင်ရမယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါ နဲ့ပတ်သက်ပြီး မြန်မာနဲ့နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်လာသူတွေမှာ ရောဂါကူးစက်တာတွေ ခပ်စိတ်စိတ်တွေ့ လာနေပြီး ဇွန် ၁၉ ရက်နေ့ ထိုင်းနဲ့မလေးရှားပြန်လာသူ အတည်ပြုလူနာသစ် ၂၃ ဦးအထိ စံချိန်တင် တွေ့ရှိခဲ့ပါယ်။
ကျန်းမာရေးဌာနတာဝန်ရှိသူတွေအနေနဲ့လည်း နယ်စပ်ဂိတ်ဝင်ပေါက်ရှိတဲ့မြို့တွေက နယ်စပ်စခန်းတွေမှာ ကျန်းမာရေးစစ်ဆေးတာတွေကို ၂၄ နာရီဆောင်ရွက်နေသလို တရားမဝင် ဝင်လာသူတွေရှိတာ သိရင်လည်း သက်ဆိုင်ရာအုပ်ချုပ်သူတွေနဲ့ညှိနှိုင်းပြီး အသွားအလာကန့်သတ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မြဝတီနယ်စပ်ဂိတ်ကနေ မေ ၂၃ ရက်ကစပြီး ဇွန်လ ၁၉ ရက်အထိ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ ပြစ်ဒဏ်ရက်စေ့ပြီးလွတ်မြောက်လို့ ပြန်ဝင်လာသူ ၄၀၀ နီးပါးရှိပြီလို့ သိရပါတယ်။
မေစု