ကြံ့ခိုင်ရေးပါတီအပါအဝင်  NGO ၂၄ ခုအတွက် တစ်ဧကကျပ် သိန်း ၅၀ နှုန်းဖြင့် နေပြည်တော်တွင် မြေနေရာချပေး

ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံအတွင်းက  အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ၂၄ ခုကို တစ်ဧက ကျပ်သိန်း ၅၀ နှုန်းနဲ့ နေပြည်တော်  သီရိ ၄ မြို့နယ်အတွင်းမှာ မြေနေရာတွေ ချပေးထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ NGO အဖွဲ့အစည်း ၂၄ ခုထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလည်း ပါဝင်ပြီး လရောင်တောစီမံကိန်းအတွက် တစ်ဧကကို ကျပ် သိန်း ၅၀ နှုန်းနဲ့ ရရှိတဲ့အပေါ်မှာ ဝေဖန်မှုတွေရှိခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတစ်ခုထဲကို မြေနေရာ ပေးတာမဟုတ်ဘဲ မြေနေရာချပေးထားတဲ့အဖွဲ့အစည်းပေါင်း ၂၄ ခုရှိပြီး တစ်ဧကကို သိန်း ၅၀ နှုန်းနဲ့ပဲ ပေးတာဖြစ်တယ်လို့ ဇွန်လ ၁၉ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော်သ တင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ဦးဇော်ဌေးက " ပြောရရင်တော့ ဒီ NGO အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့ က တစ်ဧကို သိန်း ၅၀ နှုန်းနဲ့ နေပြည်တော်မှာ နေရာချထားပေး တာတွေရှိပါတယ်။ နောက်တစ်ချက်က နေပြည်တော်က အုပ်ချုပ်မှုမြို့တော်၊ အချက်အချာနေရာဖြစ်တယ်။ အဲ့ဒီတော့ အရေးကြီး နေရာဌာနတွေရှိတယ်။ ဥပမာ သမ္မတအိမ်တော်၊ လွှတ်တော်၊ ဗဟိုဘဏ် စသဖြင့်ပေါ့နော် ဝန်ကြီးဌာနတွေရှိတယ်။ဒီ အရေးကြီးဌာနတွေရဲ့ လုံခြုံရေးအခြေအနေတွေကို ခြုံငုံသုံးသပ်ပြီးတော့ လျှောက်ထားလာတဲ့ အဖွဲ့အစည်းက ဘာအဖွဲ့အစည်းလဲ။ သူအဆိုပြုလာတဲ့ နေရာက ဘယ်လိုနေရာလဲ။အဲ့ဒီနေရာမှာ သူက ဘယ်လိုစီမံကိန်းလုပ်မှာလဲ။ အဲ့ဒီမြေကို သူကဘယ်လိုအသုံးချမှာလဲပေါ့နော်။ဒါတွေက နိုင်ငံတော်လုံခြုံရေးအတွက်လည်း ဆက်စပ်ပြီးတော့ စဉ်းစားတယ်။ အဲ့ဒီလိုဆက်စပ်ပြီးတော့ နေပြည်တော်စည်ပင်က ချထားပေးတာဖြစ်တယ်" လို့ ပြောပါတယ်။ နေပြည်တော်မှာ မြေရရှိထားတဲ့ အဖွဲ့အစည်းတွေထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပါဝင်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလည်း ဌာနချုပ်နဲ့ ပါတီအတွက်ဆိုပြီး မြေနှစ်နေရာ ရယူထားပေမဲ့ အကျယ်အဝန်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ နောက်ထပ် လျှောက်ထားလိုတဲ့အဖွဲ့အစည်းတွေကိုလည်း အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်၊ အဆိုပြုလျှောက်ထားမယ့်နေရာ၊ လုပ်ကိုင်မယ့် စီမံကိန်း၊ နိုင်ငံတော်နဲ့ပြည်သူတွေကို အကျိုးပြန်လည်ပေးနိုင်စွမ်းတွေအပေါ် မူတည်ပြီး နေပြည်တော်စည်ပင်က စဉ်းစားသုံးသပ်ပေးသွားမယ်လို့လည်း သိရပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up