ဧရာဝတီတိုင်း ဌာနအများစု ဘဏ္ဍာရေးစည်းမျဉ်း လိုက်နာမှုအားနည်းဟု ပြည်သူ့ငွေစာရင်း ကော်မတီပြော

ဧရာဝတီတိုင်းအတွင်း ဌာနအများစုအနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေ လေးစားလိုက်နာမှု အားနည်းနေတယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီက တိုင်းလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်းဖွံဖြိုးတိုးတက်ရေးရာကော်မတီက ၂၀၁၈ ခုနှစ် စာရင်းစစ် အစီရင်ခံစာမှာ တွေ့ရှိချက်အား ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၂၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ ဇွန် ၁၉ ရက်နေ့မှာ ထောက်ပြခဲ့ပါတယ်။‌ ဒါ့အပြင် ၁/၂၀၁၇ တင်ဒါစည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာမှုအားနည်းကြောင်းလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူထွေးက “ဌာနများအနေဖြင့် အခွန်ရငွေ၊ သာမန်ရငွေ၊ ငွေလုံးငွေရင်းရငွေများကို ရငွေလျာထားချက်များ ပြည့်မီအောင်ကောက်ခံဆောင်ရွက်သင့်ကြောင်းနှင့် သုံးစွဲငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရန်လိုအပ်ပြီး ပိုလျှံငွေများကိုလည်း သက်ဆိုင်ရာ ဘဏ္ဍာရေးခေါင်းစဉ်အလိုက် အချိန်မီပြန်လည်အပ်နှံသင့်ကြောင်း အကြံပြုအပ်ပါသည်” လို့ တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ဌာနအဖွဲ့အစည်းတွေရဲ့ ရငွေများပြည့်ဝစွာ မရရှိတာ၊ ကြွေးကျန်တွေ ဖြစ်ပေါ်နေတာဟာ နိုင်ငံတော်ရဲ့ ဝင်ငွေရရှိမှုအတွက် များစွာနစ်နာဆုံးရှုံးနေတာကြောင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူအနေနဲ့ အကြေအလည်ကောက်ခံပေးသွင်းနိုင်ရေး ဆောင်ရွက်သင့်ကြောင်းလည်း  အကြံပြုခဲ့ပါတယ်။ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမယ့်ငွေတွေကို စစ်ဆေးရေးအဖွဲ့စစ်ဆေးတဲ့အချိန်မှ တွေ့ရှိ ပေးသွင်းတာဟာ မဖြစ်သင့်ကြောင်း၊ ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ အဆင့်ဆင့်စိစစ်ဆောင်ရွက်မှုတွေ အားနည်းတာနဲ့ အဆင့်ဆင့်တာဝန်ရှိသူတွေမှာ တာဝန်ရှိကြောင်း၊ တာဝန်ရှိသူတွေအနေနဲ့ လာမယ့်နှစ်တွေမှာ အလားတူပြဿနာများမဖြစ်ပေါ်စေဖို့ သတ်မှတ်အချိန်ကာလအတွင်း လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ကြဖို့လည်း ကော်မတီက တင်ပြခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ ဇွန် ၄ ရက်နေ့ တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှာ ၂၀၁၈ ခုနစ် ဘဏ္ဍာရေးနှစ်ကာလအတွင်း စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ချက်အစီရင်ခံစာကို တင်သွင်းခဲ့တာဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီကို ပြန်လည်စိစစ်ပြီး လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက် အကြံပြုချက်အစီရင်ခံစာအား တင်ပြဖို့ တာဝန်ပေးခဲ့တာပါ။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up