Home
မြန်မာသတင်း
ပဲခူးမြို့ရှိ ဆရာ/ဆရာမ ၁၀၀၀ ကျော်ကို Grade - 4 သင်ရိုးသစ် ရက်တိုသင်တန်း ပို့ချ 
DVB
·
June 19, 2020
လာမယ့် ဇူလိုင် ၂၁ ရက်ကစပြီး အခြေခံပညာရေးကျောင်းတွေကို ဖြည်းဖြည်းခြင်းစတင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ပဲခူးမြို့က ဆရာ/ဆရာမ ၁၀၀၀ ကျော်ကို Grade - 4 သင်ရိုးသစ် ရက်တိုသင်တန်းပို့ချပေးနေပါတယ်။ သင်တန်းနည်းပြဆရာ ဦးမျိုးဦးက “အရင်သင်ရိုးစနစ်က ဒါသင် ဒါကျက်ဖြစ်နေတဲ့အတွက် အခုသင်ရိုး စနစ်သစ်ကို တဖြည်းဖြည်းပြောင်းလဲပြီး သင်လာပါတယ်။ အဲဒီအတွက် ကလေးတွေက တဦးခြင်းစီ တွေးတောဆင်ခြင်တက်လာမယ်၊ အုပ်စုဖွဲ့ပြီး လုပ်ငန်းတွေ လုပ်ကိုင်တက်လာမယ် အများနဲ့ပူးပေါင်းဆောင်ရွက်တက်လာမယ်။ ကျောင်းသားဘဝမှာကတည်းက အခြေခံကောင်းတွေကိုရရှိပြီး မြေပြင်အခြေအနေမှာ အသက်ကြီးတဲ့အထိ လက်တွေ့ဘဝနဲ့ ဆက်စပ်ပြီး အသုံးချနိုင်တဲ့အထိ သင်ရိုးသစ်ကို ရေးဆွဲထားတယ်” လို့ ပြောပါတယ်။ ဒါကြောင့် ပဲခူးမြို့နယ်အတွင်းက ကျောင်းပေါင်း ၂၃၃ ကျောင်းက ဆရာ/ဆရာမ ၁၀၀၀ ကျော်ကို ကလေးတွေကို ပြန်လည်သင်ကြားတဲ့အခါမှာ လုပ်ဆောင်ရမယ့် အချက်တွေကို သိရှိစေဖို့ Grade - 4 သင်ရိုးသစ် သင်တန်းတွေကို ဇွန်လ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၆ ရက်တာ ရက်တိုသင်တန်းဖွင့်လှစ်ပို့ချပေးနေတာလို့ ဆိုပါတယ်။ သင်တန်းလာတက်တဲ့ ဆရာမဒေါ်ခင်မြတ်နိုးအောင် “အရင်က နွေရာသီကျောင်းပိတ်ရက်တွေမှာ ဒီလိုသင်တန်းမျိုးကို အနည်းဆုံး ၁၄ ရက်ပို့ချတာဖြစ်ပြီး အခုကတော့ ၆ ရက် နဲ့အပြီး ပို့ချရတာဖြစ်ပါတယ်။ အဲဒီအတွက် သင်တန်းကာလက ရက်တိုတဲ့အတွက် ဆရာဆရာမတွေအနေနဲ့ ကလေးတွေကို ပြန်သင်တဲ့အခါမှာ အဆင်ပြေစေဖို့အတွက် အရင်ကထက်ပိုပြီး ဂရုတစိုက် လေံလာသင်ကြားနေရတယ်” လို့ ပြောပါတယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ကလေးတွေကို Social distancing ထားပြီး ကျန်းမာရေးနဲ့အညီ သင်ကြားပေးမှာဖြစ်သလို တသုတ်တည်း မတက်နိုင်တဲ့ ကျောင်းတွေကို ၂ သုတ်တက်စေပြီး တပတ်ခြား သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ မစိုးရိမ်ကြဖို့ သင်တန်းနည်းပြဆရာ ဦးမျိုးဦးက ဆိုပါတယ်။ Grade – 4 သင်ရိုးသစ်သင်တန်းကို ပဲခူးတိုင်းက မြို့နယ်တိုင်းမှာ ပို့ချနေပြီး သင်တန်းပြီးရင် Grade - 7 နဲ့ Grade 10 သင်တန်းတွေကိုလည်း ဆက်လက်ပို့ချပေးသွားမယ်လို့ သိရပါတယ်။ အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024