Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း မွန်းလွဲပိုင်း မောင်တောကို ၀င်မည်ဟု မိုးဇလ ခန့်မှန်း
DVB
·
May 16, 2013
မဟာစင်ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာစံတော်ချိန် ၉ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်အရ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ မောင်တောမြို့အကြားမှ ကမ်းခြေကို ယနေ့မွန်းလွဲပိုင်း ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးဇလက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ အနီရောင်အရေးပေါ်အခြေအနေကို ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံနယ်စပ်ကို ဦးတည်ရွေ့လျားနေတယ်လို့ ဆိုပါတယ်။ မဟာစင်ဆိုင်ကလုန်းမုန်တိုင်းဟာ ကမ်းခြေကို ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ ၁ နာရီလျှင် မိုင် ၆၀ မှ မိုင် ၇၀ အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်းကြောင့် မြင့်တက်နိုင်တဲ့ ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေတွင် ၈ ပေမှ ၁၀ ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေတွင် ၆ ပေမှ ၈ ပေခန့်နဲ့ ကျောက်ဖြူခရိုင်ကမ်းခြေတွင် ၄ ပေမှ ၆ ပေခန့် မြင့်တက်နိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ မုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့် လျှပ်တပြက် ရေကြီးခြင်းအန္တရာယ်များ ကို သတိပြုရှောင်ရှားသင့်တယ်လို့ မိုးဇလက ဆိုပါတယ်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်နဲ့မြေပြင်လေသည် ၁ နာရီလျှင် မိုင် ၆၀ မှ မိုင် ၇၀ အထိ တိုက်ခတ်နိုင်သည့်အတွက် ပင်လယ်မှ ငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များနဲ့ သင်္ဘောများ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။ ညနေ ၆ နာရီ မောင်တောမြို့ကို မုန်တိုင်းဝင်မည်ဟု မိုးဇလခန့်မှန်း မဟာစင်ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ မြန်မာနိုင်ငံ မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တွေကို ဖြတ်ကျော် ၀င်ရောက်မယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ နံနက် ၅း၃၀ နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းမဟာစင် (MAHASEN) ဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး မောင်တောမြို့ရဲ့ အနောက်-အနောက်တောင်ဘက်မိုင် ၁၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024