ချမ်းအေးသာစံတွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၉ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်
DVB
·
June 18, 2020
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ညမထွက်ရအမိန့် မလိုက်နာသူ ၁၉ ဦးကို ချမ်းအေးသာစံတရားရုံးကနေ ဇွန် ၁၇ ရက်နေ့မှာ ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေဖို့အတွက် တိုင်းအစိုးရက ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာပါ။
ဇွန် ၁၇ ရက်နေ့ ညပိုင်းက ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့နဲ့ ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့ဟာ မြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေချိန် တွေ့ရှိခဲ့သူ ၁၉ ဦးကို ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။
ညမထွက်ရအမိန့် ချိုးဖောက်သူတွေကို လမ်း ၃၀-၇၃ လမ်းနဲ့ ၇၄ လမ်းကြားမှာ ၈ ဦး၊ လမ်း ၃၀-၆၈ လမ်းနဲ့ ၇၀ လမ်းကြားမှာ ၅ ဦး၊ ၃၃ လမ်း နဲ့ ၃၄ လမ်းကြား မြို့ပတ်လမ်းမှာ ၂ ဦး၊ ၉၀ လမ်း၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားမှာ ၂ ဦး၊ လမ်း ၃၀ နဲ့ လမ်း ၇၀-၇၁ လမ်းကြားမှာ ၂ ဦးကို တွေ့ရှိခဲ့ပြီး ချမ်းအေးသာစံမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ခဲ့ကာ ရာဇသတ်ကြီးဥပဒေပုဒမ ၁၈၈ အရ ချမ်းအေးသာစံ တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ၁၉ ဦးအပြင် အစိုးရဝန်ထမ်းတဦးပါ ညမထွက်ရအမိန့် ချိုးဖောက်ခဲ့တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို ဝန်ထမ်းစည်းကမ်းအရ အရေးယူနိုင်ဖို့ တင်ပြထားတယ်လို့လည်း သိရပါတယ်။
ထိန်ထိန်လင်း