Home
မြန်မာသတင်း
စစ်တွေမြို့တွင် ဒုက္ခသည်များ မုန်တိုင်းလွတ်ရာ ပြောင်းရွှေ့ရန် ငြင်းဆန်
အေးနိုင်
·
May 15, 2013
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်စလင်ဒုက္ခသည်တွေက မုန်တိုင်းလွတ်ရာကို ရွှေ့ပြောင်းဆောင်ရွက်နေတဲ့ အစီအစဉ်ကို လက်မခံဘဲ ပြောင်းရွှေ့ဖို့ ငြင်းဆန်နေတယ်လို့ အဲဒီဒုက္ခသည်စခန်းတွေမှာ ဒီနေ့သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကျော်ဇေယျာဝင်းက ပြောပါတယ်။ ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်တဲ့အဖွဲ့က ပြောင်းရွှေ့ဖို့ တိုက်တွန်းနေပေမယ့် မပြောင်းရွှေ့လိုကြဘဲ ငြင်းဆန်နေတာလို့ ဆိုပါတယ်။ [caption id="attachment_39492" align="alignleft" width="300" caption="စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတချို့ (ဓာတ်ပုံ-ကျော်ဇေယျာဝင်း)"][/caption] “မုန်တိုင်းကျရင် ပင်လယ်လှိုင်းလုံးတွေက ၁၂ ပေလောက်မြင့်မယ်၊ အန္တရာယ်ရှိတယ်။ အဲတော့ ပင်လယ်နဲ့ ၁ မိုင်လောက်ဝေးရင် ပိုကောင်းမယ်ပေါ့။ တချို့ရှိနေတဲ့ သဲချောင်းတို့ တခြား ဒုက္ခသည်စခန်းတွေက ပင်လယ်နဲ့ တော်တော်နီးနေလို့ ပြောင်းခိုင်းတယ်။ ဒါပေမယ့် သူတို့မပြောင်းရဲကြဘူး၊ သူတို့မှာ သံသယတွေ ရှိနေတဲ့ သဘောမှာရှိတယ်။” မိုးဇလက ထုတ်ပြန်ထားချက်အရ မနက်ဖြန် မုန်တိုင်းတိုက်ခတ်ရင် ရေအမြင့် ၁၀ ပေလောက်တက်နိုင်တာကြောင့် လက်ရှိ မွတ်စလင်ဒုက္ခသည်တွေ နေထိုင်တဲ့စခန်းတွေဟာ ရေမြုပ်မှာ စိုးရိမ်ရတဲ့ နေရာတွေဖြစ်ပါတယ်။ အစိုးရကလည်း အမျိုးသားအဆင့် သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက်နေသလို ပြည်ထောင်စုအစိုးရ သမ္မတရုံးဝန်ကြီးတွေကလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောင်းရွှေ့ရမယ့် ရွာတွေထဲမှာ စစ်တွေက မွတ်စလင်ဒုက္ခသည်စခန်း ၁၀ ခုက ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီဝင် ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းက မီဒီယာတွေကို ရှင်းပြပါတယ်။ “မနေ့က အထိ ဘင်္ဂါလီ ဒုက္ခသည်တွေကို ရွှေ့ဖို့ပြောရာမှာ သူတို့က ယာယီတဲတခုနဲ့ သူတို့ဘာသာနေရတယ်။ ဒီအစိုးရ တခါရွှေ့ရင် ယာယီတဲတွေ ပြန်ရချင်မှရနိုင်မယ်ဆိုတဲ့ စိတ်ကူးတွေပါနေသလို၊ တခြားသော မရွှေ့မပြောင်းနဲ့ဆိုပြီး နောက်ကွယ်ကပြောနေသူတွေများ ရှိလားမသိဘူး. ကျနော်တို့အစိုးရ စီမံခန့်ခွဲမှုကို လိုက်နာမှုမရှိဘဲ တုံ့ပြန်တာရှိတယ်။ ဒီလောက်များတဲ့လူတွေအတွက် ဘယ်လိုစီမံထားသလဲဆိုရင် သူ့ဟာနဲ့သူရှိတယ်။ နောက်ဆုံး သူတို့အတွက် အနီးစပ်ဆုံး အခိုင်မာဆုံး အဆောက်အအုံ စစ်တွေတက္ကသိုလ်ကြီး ရှိတယ်။ လိုအပ်သလို အသုံးပြုသွားဖို့ စိတ်ကူးရှိပြီးသားပါ။” ဒီဖြစ်ရပ်နဲ့ ဆန့်ကျင်ဘက် မြေပုံမြို့က မွတ်စလင်ဒုက္ခသည် ၄၀၀၀ ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူး စီစဉ်တဲ့အတိုင်း ကုန်းအမြင့်ပိုင်းနေရာကို ပြောင်းမယ်လို့ သဘောတူပေမယ့် ရခိုင်တချို့ရဲ့ ကန့်ကွက်မှုတွေကြောင့် အစီအစဉ်ကို ရွှေ့ခဲ့ရပါတယ်။ မေ ၁၄ ရက် မွန်းတည့်ပိုင်းမှာ  မွတ်စလင်ဒုက္ခသည်တွေကို ကုန်းအမြင့်ပိုင်းပေါ်က စီမံကိန်းရုံး၊ စည်ပင်ရုံး၊ စည်ပင်လိုင်းခန်းတွဲ၊ သမ၀ါယမရုံးနဲ့ မူလတန်းကျောင်းတကျောင်းကို ပြောင်းဖို့ ဖြစ်ပေမယ့် ရခိုင်အမျိုးသမီးကွန်ရက်က ဦးဆောင်ပြီး အုပ်စုနှစ်စု နီးကပ်ရင် ပြဿနာဖြစ်နိုင်တယ်လို့ ကန့်ကွက်တာကြောင့် ဒီအစီအစဉ်ကို ဆိုင်းငံ့ခဲ့ရတယ်လို့ မြို့မိမြို့ဖတဦးက ပြောပါတယ်။ ဆိုင်းငံ့ခံရတဲ့ မြေပုံမွတ်စလင်ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့အနေနဲ့ ရေဒီယိုသတင်းကိုသာ နားစွင့်နေရပြီး မုန်တိုင်းအတွက် စိုးရိမ်ပူပန်နေတာကို ပြောပြကြပါတယ်။ “အဆောင်တွေမှာထားတာကို သူတို့လက်မခံဘူး။ သူတို့ မွတ်ဆလင်တွေနဲ့ အနီးကပ်မနေနိုင်ဘူး ပြောတယ်။ အုပ်ချုပ်ရေးမှူးက ကျနော်တို့တဲတွေနဲ့ မနက်ဖြန် ၁၂ နာရီ ရွှေ့လို့ရတဲ့နေရာ ရွှေ့ပေးမယ်တော့ ပြောထားတယ်။” ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းရာမှာ အခက်အခဲကြုံလာရင် ဘာသာလူမျိုးမခွဲဘဲ အမိုးအကာရောက်ရေးနဲ့ အသက်ရှင်သန်နိုင်ရေး ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တဦးဆိုပေမယ့် သဘာဝဘေးဒဏ်ကြိုတင် ကာကွယ်စီမံတဲ့နေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက တိုင်ပင်ညှိနှိုင်းခြင်းမရှိတာကြောင့် အခုကိစ္စမှာ ကြားဝင်ဆောင်ရွက်ရေး ခက်ခဲနေတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024