တရုတ်နှင့်တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် အိန္ဒိယစစ်သည်အလောင်း ဘီဟာပြည်နယ်သို့ ပြန်သယ်

တရုတ်စစ်တပ်နဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ အိန္ဒိယစစ်သည် ဆူနေးလ်ကူးမားရဲ့ အလောင်းကို နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်က သူ့အိမ်ဆီ ဇွန်လ ၁၇ ရက်က ပြန်သယ်လာပါတယ်။  ပြည်နယ်ရဲ့ မြို့တော်ပတ္တနာက လေဆိပ်ကို သူ့အလောင်းရောက်ချိန်မှာ ပန်းခွေချ အလေးပြု အခမ်းအနားကို ဆင်နွှဲပါတယ်။  ဘီဟာပြည်နယ် ဒုဝန်ကြီးချုပ်၊ ဒေသန္တရ ခေါင်းဆောင်တွေနဲ့ ကျဆုံးစစ်သည် ကူးမားရဲ့သား တို့က ပန်းခွေချ အလေးပြုပါတယ်။ သူဟာ ဇွန်လ ၁၅ရက်က ပိုင်နယ်အငြင်းပွား ဟိမဝန္တာနယ်စပ်မှာ တရုတ်စစ်တပ်နဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကျဆုံးတဲ့ စစ်သည် အယောက်၂၀ထဲက တယောက်ပါ။  ၁၉၆၂ခုနှစ် စစ်ပွဲအတွင်း တရုတ်အစိုးရက သိမ်းပိုက်ခဲ့တဲ့ အက်ခ်စိုင်းချင်းဒေသနဲ့ နယ်စပ် အိန္ဒိယပိုင်နက် လာဒက်ခ်ဒေသတွင်းက ဝေးလံသီခေါင်တဲ့ ဂယ်ဝမ်တောင်ကြားမှာ ရန်ပွဲ ဖြစ်အပြီး အိန္ဒိယ စစ်သည်တွေဟာ သံချောင်းတွေ ရိုက်ထားတဲ့ တင်းပုတ်တွေနဲ့ အရိုက်ခံခဲ့ကြရတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။  နျူကလီးယားလက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း ၂နိုင်ငံကြား သဘောတူညီချက် အဟောင်းအရ နယ်စပ်မှာ သေနတ်နဲ့ မပစ်ခဲ့ကြပါဘူး။  ဒါပေမယ့် လတ်တလော နှစ်တွေအတွင်း နယ်စပ်ကင်းလှည့်မှုတွေကြား ထိုးကြိတ်သတ်ပုတ်မှုတွေ ရှိခဲ့ပါတယ်။  တရုတ်အစိုးရဘက်က အသေအပျောက် စာရင်းကို မကြေညာပေမယ့် ရန်ပွဲအတွင်း တရုတ်ဘက်က လူ ၄၅ ယောက်ထက် မနည်း သေဆုံးဒဏ်ရာရတယ်လို့ အရာရှိတွေကို ကိုးကားပြီး အိန္ဒိယမီဒီယာတွေက အစီရင် ခံပါတယ်။  ဟိမဝန္တာနယ်စပ်တလျှောက်က ပိုင်နက်ကို တရုတ်နဲ့ အိန္ဒိယတို့ သူပိုင် ငါပိုင် ငြင်းနေခဲ့တာပါ။ ဗြိတိသျှကိုလိုနီခေတ် အိန္ဒိယကို အုပ်ချုပ်သူတွေ လက်ထက် နယ်မြေစည်း သတ်မှတ်ချက်ချ မှတ်ခဲ့ ချိန်တည်းက သဘောမတူနိုင်မှုတချို့ အမြစ်တွယ် နေပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up