Homeမြန်မာသတင်း
ကိုဗစ်ဒုတိယလှိုင်းက ပိုဆိုးနိုင်သဖြင့် ကျန်းမာရေးစည်းကမ်း လိုက်နာကြရန် အတိုင်ပင်ခံပုဂ္ဂိုလ် ထပ်မံတိုက်တွန်း
ကိုဗစ်ဒုတိယလှိုင်းက ပိုဆိုးနိုင်သဖြင့် ကျန်းမာရေးစည်းကမ်း လိုက်နာကြရန် အတိုင်ပင်ခံပုဂ္ဂိုလ် ထပ်မံတိုက်တွန်း
DVB
·
June 18, 2020
ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းဟာ ပထမလှိုင်းထက် ပိုဆိုးဖို့များတဲ့အတွက် လုံ့လဝီရိယ မလျှော့စတမ်း ကျန်းမာရေးဝန်ကြီးဌာနကထုတ် ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ထပ်မံတိုက်တွန်းလိုက်ပါတယ်။
“ထပ်မံပြီးသတိပေးပါရစေ၊ ဒုတိယ COVID လှိုင်းဟာ ပထမထက်ဆိုးဖို့ရာ များတယ်လို့ လေ့လာထားသူတွေက သုံးသပ်ပါတယ်။ ကျွန်မတို့ ပထမလှိုင်းကို ကျော်လွှားနိုင်ခဲ့တာလည်း လွယ်လွယ်နဲ့မဟုတ်ပါဘူး။ ငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အား၊ အင်အားအမျိုးမျိုး ရင်းနှီးခဲ့ရပါတယ်။ ဒီရင်းနှီးမှုတွေ အဟောသိကံ မဖြစ်သွားဖို့ ကျွန်မတို့ စိတ်အင်အားတွေ အဆက်မပြတ်ထုတ်ရပါဦးမယ်။ ရည်မှန်းချက် အောင်ပန်းဆွတ်ခူးနိုင်ဖို့၊ ပင်ပန်းတယ်လို့ ခံစားရပေမဲ့လည်း လုံ့လဝီရိယ မလျှော့စတမ်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။”
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်အောင် ကာကွယ်တားဆီးဖို့အတွက် ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေကို သည်းမခံနိုင်တော့တဲ့ သူတွေကိုလည်း တွေ့နေရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
“ကျွန်မတို့နိုင်ငံမှာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေ ကြပ်ကြပ်မတ်မတ်ချပြီး COVID ကာကွယ်ရေး ဆောင်ရွက်ခဲ့တာ သုံးလတင်းတင်းတောင် မပြည့်သေးပါဘူး၊ သည်းမခံနိုင်တော့တဲ့သူတွေကို မြင်နေရပါတယ်။ ဒီလိုအခြေအနေက ကြောက်သင့်လို့ ကြောက်ရမဲ့ (ဝါ)၊ သတိကို လက်မလွှတ်ရမယ့်အချိန်ပါ။ COVID စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်ပြီလို့ တရားဝင်ကြေညာခဲ့တဲ့ နိုင်ငံအချို့မှာ COVID ပြန်လည်တွေ့နေရပါပြီ။ ကြောက်စရာပါ” လို့လည်း ရေးသားထားပါတယ်။
ဇွန်လ ၁၈ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ဆက်တွေ့နေရဆဲဖြစ်ပြီး အများစုက ပြည်ပကနေ ပြန်ဝင်လာသူတွေထံက ကူးစက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဒီကနေ့အထိ မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ လူနာပေါင်း ၂၆၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၇၉ ဦးနဲ့ အဲဒီထဲက ၁၆၂ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။