မဲဆောက်တွင် အွန်လိုင်းလောင်းကစားဝိုင်းထောင်သူ ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
June 18, 2020
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ ဟိုတယ်တစ်ခုမှာ အွန်လိုင်းလောင်းကစားဝိုင်းထောင်တဲ့ တရုတ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၀ ကျော်ကို ထိုင်းတာဝန်ရှိသူတွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ AEC အာဆီယံဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံရာဇဝတ်မှုနှိမ်နင်းရေးအထူးအဖွဲ့နဲ့ အမှတ် ၆ တိုင်းဒေသ ရဲဌာနချုပ်က တာဝန်ရှိသူတွေဟာ ဇွန်လ ၁၇ ရက်က မဲဆောက်မြို့လယ်ကောင် ဖတ်ထနားနခွန်း မဲဆောက်လမ်းပေါ်ရှိ ဟိုတယ်အသစ်တခုကို အင်အား ၃၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာပါ။
အဆိုပါအဖွဲ့ဟာ ဟိုတယ်ထဲကို သတင်းထောက်တွေကိုရော၊ တခြားဘယ်အဖွဲ့ကိုမှ ပေးမဝင်ဘဲ တံခါးပိတ်ပြီး အထဲမှာ အချိန်အတော်ကြာစစ်ဆေးခဲ့ကြောင်း၊ နောက်တော့မှ အထဲမှာ အွန်လိုင်းလောင်းကစားဝိုင်းထောင်တဲ့ တရုတ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ လူ ၁၀၀ ကျော်ကို လာရောက်ဖမ်းဆီးဖို့ မဲဆောက်နယ်မြေခံရဲတပ်ဖွဲ့ကို လှမ်းခေါ်လိုက်သလို မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေရော စစ်တပ်ကပါ အထဲကို လိုက်ဝင်သွားကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ လူ ၁၀၀ ကျော်ဟာ အွန်လိုင်းလောင်းကစားဝိုင်း ထောင်တဲ့ ဟိုတယ်ထဲက ဝန်ထမ်းတွေဖြစ်ပြီး လောင်းကစားကြောင်း သက်သေခံအဖြစ် ကွန်ပျူတာ အလုံး ၁၀၀ ကျော်ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
မဲဆောက်မှာ အွန်လိုင်းကစားဝိုင်းဖွင့်နေတဲ့ နောက်ထပ်နေရာတွေ ကျန်နေသေးကြောင်း၊ အများစုက ဟိုတယ်တွေမှာဖြစ်ပြီး ပိုင်ရှင်က တရုတ်တွေဖြစ်ကြောင်း ၊ သူတို့တွေဟာ အရင်က မြန်မာဘက်ခြမ်း မြဝတီမြို့မှာ အွန်လိုင်းလောင်းကစားဝိုင်းဖွင့်ပြီး မြန်မာဘက်က အဖမ်းအဆီးများလာတဲ့အတွက် ထိုင်းဘက်ခြမ်း မဲဆောက်ကို ရောက်လာကြတာဖြစ်ကြောင်း ထိုင်း တာဝန်ရှိသူ တစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေပြီး ဟိုတယ်တွေလည်း အရှုံးပေါ်လို့ ဟိုတယ်ကိုပါ ဈေးပေါပေါနဲ့ဝယ်ယူကာ လောင်းကစားဝိုင်းတွေ ထောင်နေကြတာ ဖြစ်ပါတယ်။
ကိုးကား- AEC Asean News