Home
မြန်မာသတင်း
မောင်တောမြို့က ကိုဗစ်-၁၉ လူနာ အမှတ် ၂၃၄ ကို ဒုတိယအကြိမ်စစ်ဆေးရာ ရောဂါထပ်တွေ့ 
DVB
·
June 17, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၂၃၄ ကို ဒုတိယအကြိမ်စစ်ဆေးရာမှာ ရောဂါထပ်တွေ့ရှိရတယ်လို့ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မောင်တော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက "သူ့ကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးတော့ ရောဂါပိုးတွေ့ရှိနေပါသေးတယ်။ သူ့ကို ဘယ်လောက်အထိစစ်ဆေးရမလဲဆိုတော့ ရောဂါပိုးမတွေ့ရှိရတဲ့အချိန်အထိ စစ်ဆေးသွားရမှာပါ" လို့ ပြောပါတယ်။ အဆိုပါ လူနာအမှတ် ၂၃၄ နဲ့ ထိတွေ့ခဲ့သူ ၃၅ ဦးကို ပထမအကြိမ် နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံး Negative ဖြစ်ခဲ့ပြီး သူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ဒုတိယအကြိမ် စစ်ဆေး သွားရဦးမှာဖြစ်ပါတယ်။ လူနာအမှတ် ၂၃၄ နဲ့ မိသားစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထန်ခါလီဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြပြီး မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည့်ကျကျေးရွာကို မေလ ၃၀ နေ့မှာ မိသားစုဝင် ၅ ဦးနဲ့အတူ နယ်မြေ (၄) လိပ်ရကျေးရွာနဲ့ ဇီးပင်ချောင်းလမ်းကြောင်း နယ်ခြားစောင့်စခန်းမှ တရားမဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ လူနာအမှတ် ၂၃၄ နဲ့ မိသားစုဟာ ဦးရှည့်ကျကျေးရွာရှိ နေအိမ်မှာ ၂ ညနေထိုင်ခဲ့ကြပြီး လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းသို့ ဇွန်လ ၁ ရက်မှာ ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ နှာခေါင်း၊အာခေါင်တို့ဖတ်တွေကို  ဓာတ်ခွဲစစ်ဆေးရာမှာ အသက် ၃၅ နှစ်အရွယ် လူနာအမှတ် ၂၃၄ ကို ဇွန်လ ၄ ရက်နေ့ မနက်အစောပိုင်းက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အခုလက်ရှိမှာ မောင်တောခရိုင်အတွင်းမှာ ကိုဗစ်-၁၉  ရောဂါတွေ့ရှိသူ ၆ ဦးအထိရှိလာနေပြီး ဘူးသီးတောင်မြို့မှာ ၂ ဦး၊ မောင်တောမြို့မှာ ၄ ဦး ဖြစ်ကြကာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ပြန်ဝင်ရောက်လာသူတွေ  ဖြစ်ပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024