DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များ ပြန်လာရေး အာဏာပိုင်များ ကွင်းဆင်း
DVB
·
May 15, 2013
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေ နေရင်းရွာမှာ ပြန်နေကြဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီဝင်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ ဒေသထဲ ကွင်းဆင်းပြီး စည်းရုံးဆောင်ရွက်နေပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ တန့်ယန်းမြို့နယ်ထဲက ဒေသခံရွာသားတွေ  နေရင်းရွာပြန်လာဖို့ အတွက်   ဆောင်ရွက်နေကြတာပါ။

နမ့်ခမ်းမြို့နယ်မှာ တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားတဲ့  ဒေသခံပေါင်း ၂ ထောင်ကျော် ပြန်လာဖို့နဲ့ ရွာထဲက လက်နက်ကြီး ထိမှန်မှုကြောင့် ဆုံးရှုံးမှုစာရင်းတွေ ကောက်ယူဖို့ မေ ၁၄ ရက်နေ့ကစပြီး ကွင်းဆင်း ဆောင်ရွက်နေတယ်လို့ ကျားဖြူပါတီက နမ့်ခမ်းမြို့နယ်  ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာစိုင်းကျော်အုန်းက ပြောပါတယ်။

“မကြောက်ဘဲနဲ့ ပြန်လာကြပါ။ ပျက်စီးသွားတဲ့ အိမ်တွေနဲ့ ဆုံးရှူံးသွားတဲ့ ပစ္စည်းတွေကို စာရင်းကောက်ပြီး အထက်ကိုတင်ပြီး လျော်ကြေးပေးမယ်။ စားစရာ ဆန်တွေဘာတွေလာယူပါ၊ ဆေးအဖွဲ့လည်းလာမယ်၊ နာမကျန်းဖြစ်တာတွေ လာကုပေးမယ်။ အိမ်ဆိုင်ဖွင့်ထားသူတွေကလည်း သူတို့ပျောက်ဆုံးတာတွေ တင်ပြကြတယ်၊ ပိုက်ဆံပျောက်တာလည်း ရှိကြတယ်။ အားလုံးက သေနတ်သံကြားတာနဲ့ ကိုယ်လွတ်ရုန်းထွက်ပြေးရတာလေ၊ ဘာမှမယူနိုင်ဘူး။”

ရွာသားတွေ ပြန်လာဖို့ ရွာထဲမှာ အသံချဲ့စက်နဲ့ ခေါ်ယူနေသလို သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကလည်း ရွှေလီမြစ်တဘက်ကမ်းကို ဖုန်းနဲ့ ဆက်တိုက်လှမ်းပြီး အကြောင်း ကြားနေကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မနေ့ကအထိ နမ့်ခမ်းမြို့နယ် နောင်မတာ ရွာနဲ့ နောင်ခမ်းရွာမှာ ပြန်လာသူ ၄၀ ကျော်ပဲ ရှိသေးကြောင်း၊ အများစုက ရွာထဲမှာ အစိုးရတပ်တွေ နေရာယူထားတဲ့အတွက် ပြန်မလာရဲဘူးလို့ ပြောကြောင်း၊ သူတို့အဖွဲ့ကတော့ အစိုးရတပ်တွေ ရွာထဲ အမြဲနေမှာ မဟုတ်ဘဲ ခေတ္တအခြေအနေ လာထိန်းတဲ့အကြောင်း ပြောဆိုထားတယ်လို့ ဒေါက်တာစိုင်းကျော်အုန်းက ဆက်ပြောပါတယ်။

ဗျူဟာမှူးကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့တိုက်ပွဲမှာ မလွန်ဆန်နိုင်လို့ ရှမ်းတပ်ဘက်ကနေ ၀င်ကူတိုက်ပေးသူ ပါရင်တောင် အရေးယူမှာ မဟုတ်ကြောင်း၊ လက်နက် လာအပ်စေလိုကြောင်း  ပြောထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက်နေ့က အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် တရုတ်ပြည်ဘက်ခြမ်းကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေဟာ နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာပေါင်း ၁၉ ရွာက ဖြစ်ပါတယ်။

နောက်နေ့တွေလည်း ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့  ဆက်ပြီး ကွင်းဆင်းသွားမယ်လို့ ဒေါက်တာစိုင်းကျော်အုန်းက ပြောပါတယ်။

အလားတူ တန့်ယန်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေကိုလည်း နေရင်းရွာ ပြန်ကြဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ မေ ၁၃ ရက်နေ့က လာရောက် ပြောကြားခဲ့တယ်လို့ တန့်ယန်း စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီရေးအဖွဲ့က စိုင်းအောင်ပက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က တန့်ယန်းမြို့မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အဖွဲ့ဝင်တွေ၊ ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စတဲ့ ၃ ပွင့်ဆိုင်   ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး မလိုလားအပ်တဲ့တိုက်ပွဲတွေ မဖြစ်ပွားရေး၊ အပစ်အခတ်ရပ်စဲရေး သဘောတူချက် ရထားပြီး ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒါကြောင့် ရှေ့လျှောက်တိုက်ပွဲတွေ ရှိတော့မှာမဟုတ်တဲ့အတွက် ဒုက္ခသည်တွေ အေးချမ်းစွာ ရွာပြန်နိုင်ပြီလို့ လာပြောသွားကြောင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ ဒုက္ခသည်ပေါင်း ၃၀၀ ကျော် မနေ့ကစပြီး တဖွဲဖွဲ အိမ်ပြန်ကုန်ပြီလို့ စိုင်းအောင်ပက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013