DVB Logo
Home
မြန်မာသတင်း
သထုံမြို့နယ်၌ လယ်မြေများ ရေနစ်မြုပ်နိုင်သဖြင့် ဒုံဝန်းရေထိန်းတံခါးပိတ်ပေးရန် တောင်းဆို
DVB
·
June 17, 2020
သထုံမြို့နယ်၌ လယ်မြေများ ရေနစ်မြုပ်နိုင်သဖြင့် ဒုံဝန်းရေထိန်းတံခါးပိတ်ပေးရန် တောင်းဆို
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ဒုံဝန်း-ကမာစိုင် တာတမံလမ်းပေါ်က ဒုံဝန်းရေထိန်းတံခါးကို ပိတ်ထားပေးဖို့  ဒေသခံလယ်သမားတွေက မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ  တောင်းဆိုထားပါတယ်။

ဒုံဝန်းရေထိန်းတံခါးကိုမနှစ်ကစပြီးဖွင့်လှစ်ထားခဲ့တာကြောင့် လယ်မြေတွေ ရေနစ်မြုပ်ခဲ့သလို  အခုနှစ်မိုးရာသီမှာလည်း  ကျေးရွာအနီးအနားက လယ်မြေတွေ ရေကြီးနစ်မြုပ်မှုဒဏ်ခံရမှာကို ဒေသခံလယ်သမားတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

ဒေသခံလယ်သမား ဦးထွန်းမြင့်က “ဦး သဘောကိုပြောရရင်တော့ စပါးအောင်မြင်ဖို့ဆိုရင် ဒီတာကြီးကို အသေပိတ်ထားလိုက်ချင်တယ်။ ရေတံခါးတွေ ဘာတွေတောင် မလုပ်ချင်ဘူး။ ဒီတမံကြီးသာ တကယ်လို့ ပြိုပျက်သွားလို့ရှိရင် အနီးအနားက ရွာတွေလည်း အားလုံးမြုပ်ကုန်မှာပေါ့” လို့ ပြောပါတယ်။

ဒုံဝန်းရေထိန်းတံခါးကို ၁၉၉၂-ခုနှစ်ကစပြီး နွေစပါးစိုက်ပျိုးဖို့ ဘီးလင်းမြစ်ရေတင်စီမံကိန်းအဖြစ် ဆောက်လုပ်ထားပြီး စီမံကိန်း မအောင်မြင်ခဲ့တဲ့အတွက် ရေထိန်းတံခါးပေါက်ကို သစ်သားဘောင်တွေနဲ့ ပြန်လည်ပိတ်ဆို့ခဲ့ရပါတယ်။

ဘိုးဘွားလက်ထက်ကတည်းက နှစ်စဉ် စပါးစိုက်ပျိုးခဲ့တဲ့ ဒေသခံ လယ်သမား  ဒေါ်သောင်းစိန်က “ မနှစ်တုန်းကဆို ဝါဆိုလလောက်ကနေပြီး  ရေမြုပ်နေလို့ ဘာမှလုပ်စားလို့မရတော့ဘူး။ သီတင်းကျွတ်လောက်ကျမှ စိုက်ပျိုးပြန်တော့လည်း ရေက မလုံလောက်ဘူး။ အခုလို တာတမံကို ဖောက်ချတော့ အဒေါ်တို့ရွာလည်း ချောင်းပတ်လည်ဝိုင်းထားသလို ဖြစ်ပြီပေါ့”လို့ ပြောပါတယ်။ 

၂၀၁၉-ခုနှစ်ကစပြီး တာဘောင်မြောက်ဘက်ခြမ်းရှိတောင်သူတချို့ရဲ့  တင်ပြမှုကြောင့် ဆည်မြောင်းဌာနက ရေထိန်းတံခါးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့အတွက် တာဘောင်ရဲ့ တောင်ဘက်ခြမ်းက လယ်မြေဧက ထောင်နဲ့ချီ ရေနစ်မြုပ်မှုဒဏ်ကိုခံခဲ့ရပြီး စိုက်ပျိုးထားတဲ့ စပါးပင်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မွန်ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဌေးက "မိုးဦးကျမှာတော့ ကျနော်တို့ ပိတ်ထားမှရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘီးလင်းမြစ်ရေကြီးလာတဲ့အခါ အပေါ်ပိုင်းပဲ အနစ်ခံပြီး အောက်ပိုင်းကိုအနစ်မခံတဲ့ပုံဖြစ်နေတယ်။ ဘီးလင်းမြစ်ရေကျသွားလို့ အောက်ပိုင်းလယ်ကွက်တွေလည်း အခြေအနေကောင်းမှ အပေါ်လယ်ကွက်တွေ အသက်ပြန်ရှူလို့ရအောင်လို့ မနှစ်ကစပြီးဖွင့်ပေးတာပါ။ ဒါကလည်း ဒေသခံတွေဘက်က တင်ပြလာလို့ ကျနော်တို့က ဖွင့်ပေးတာပါ။ အပေါ်နဲ့အောက် နှစ်ကွင်းလုံးက ရေကျနောက်စိုက်တွေပါပဲ" လို့  ဒီဗွီဘီကို ပြောပါတယ်။

သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စုမှာ လယ်မြေဧကပေါင်း ၃၀၀၀ လောက်ရှိပြီး ဘီးလင်းမြစ်နဲ့နီးကပ်နေတာကြောင့် ရေကြီးမှုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဒုံဝန်းရေတံခါးကို ပြန်လည်ပိတ်သိမ်းပေးဖို့ ဒေသခံ လယ်သမား ၁၇၂ ဦးက မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ ဇွန်လ ၉ ရက်နေ့က တင်ပြတောင်းဆိုထားပါတယ်။

ယူမင်းစိုး

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013