A d v e r t i s e m e n t With Us

မြေပုံက မွတ်စလင်ဒုက္ခသည်များ အမြင့်ပိုင်းခိုလှုံခွင့်ရရေး လိုအပ်နေ

ဦးဖေသန်း
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က မွတ်စလင်ဒုက္ခသည် ၄၀၀၀ လောက်ကို မုန်တိုင်းမဖြစ်မီ ကာလမှာ ကုန်းအမြင့်ပိုင်းက အဆောက်အဦတွေမှာ မနေ့မွန်းလွဲပိုင်းက နေရာချထားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဉ်ပေမယ့် ရခိုင်နယ်မြေခံတွေရဲ့ ကန့်ကွက်ချက်ကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ မြေပုံမြို့နယ်က လယ်ကွင်းမှာ နေရာချထားတဲ့ မွတ်စလင်ဒုက္ခသည်တွေကို မနေ့ ၁၂ နာရီမှာ ကုန်းအမြင့်ပိုင်းပေါ်က စီမံကိန်းရုံး၊ စည်ပင်ရုံး၊ စည်ပင်လိုင်းခန်းတွဲ၊ သမ၀ါယမရုံးနဲ့ မူလတန်းကျောင်းကျောင်းကို ပြောင်းဖို့ သတ်မှတ်ထားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက မနေ့က စတင်စီစဉ်တုန်းမှာ မကျေနပ်သူတချို့ရဲ့ တားမြစ် ပိတ်ပင်မှုတွေ ကြုံခဲ့ရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရခိုင်အမျိုးသမီးကွန်ရက်က ဦးဆောင်ပြီး အုပ်စု ၂ စု နီးကပ်ရင် ပြဿနာဖြစ်နိုင်တယ်လို့ ကန့်ကွက်တာကြောင့် ဒီအစီအစဉ်ကို ဆိုင်းငံ့ခဲ့တာလို့ မြို့မိမြို့ဖတဦးက ပြောပါတယ်။ ဆိုင်းငံ့ခံရတဲ့ မြေပုံမွတ်စလင်ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့အနေနဲ့ ရေဒီယိုသတင်းကိုသာ နားစွင့်နေရပြီး မုန်တိုင်းအတွက် စိုးရိမ်ပူပန်နေတယ်လို့ ပြောပြကြပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းရာမှာ အခက်အခဲကြုံလာရင် ဘာသာ၊ လူမျိုးမခွဲဘဲ အမိုးအကာရောက်ရေးနဲ့ အသက်ရှင်သန်နိုင်ရေး ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါအပြင် လွှတ်တော်အမတ်တဦး ဆိုပေမယ့် သဘာဝဘေးဒဏ် ကြိုတင်ကာကွယ် စီမံတဲ့နေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက တိုင်ပင်ညှိနှိုင်းခြင်းမရှိတာကြောင့် အခုကိစ္စမှာ ကြားဝင်ဆောင်ရွက်ရေးခက်ခဲနေတယ်လို့ ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up