ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ် – No Time To Die သတ်မှတ်ရက်ထက် ၅ ရက်စော ရုံတင်မည်

ကိုဗစ်-၁၉ ကြောင့် ရက်ရွှေ့ဆိုင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နာမည်ကျော် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားသစ် – No Time To Die ကို သတ်မှတ်ထားတဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ၅ ရက်စောပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Universal Pictures ကနေ ဖြန့်ချိပေးသွားမယ့် ဒီကားကိုတော့ ဟောလိဝုဒ်ရုပ် ရှင်ဒါရိုက်တာ Cary Joji Fukunaga က ရိုက်ကူးပုံဖော်ပေးထားတာပါ။ ဒီကားကတော့ ဂျိမ်းစ်ဘွန်းရုပ်ရှင်စီးရီးစ်တွေရဲ့ ၂၅ ကားမြောက် ထွက်ရှိလာခဲ့တဲ့ ရုပ်ရှင်ကားတကားဖြစ်ပြီး ပြန်ပေးဆွဲခံရတဲ့ သိပ္ပံပညာရှင်တယောက်ကို ကယ်တင်မယ့် စွန့်စားခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ သူလျှိုဇာတ်ကောင် ဂျိမ်းစ်ဘွန်းအဖြစ် ဗြိတိန်သရုပ်ဆောင်မင်းသား Daniel Craig က သရုပ်ဆောင်ထားပါတယ်။ သူ သရုပ်ဆောင်ခဲ့တဲ့ “Spectre” ဂျိမ်းစ်ဘွန်းကားဟာ  ၂၀၁၅ ခုနှစ်မှာ တကမ္ဘာလုံး ရုံတင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၈၀ ရရှိခဲ့ပြီး ကမ္ဘာ့အမြတ်အများဆုံးရုပ်ရှင်ကား စာရင်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်က ထွက်ရှိလာတဲ့ “Skyfall” ဂျိမ်းစ်ဘွန်းကားဟာလည်း တကမ္ဘာလုံး ရုံတင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့ပြီး ဘွန်းအဖြစ် သူကပဲ သရုပ်ဆောင်ထားခဲ့ပါတယ်။ အခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကားကတော့ သရုပ်ဆောင်မင်းသား Daniel Craig ရဲ့ ပဉ္စမမြောက်နဲ့ နောက်ဆုံးပါဝင်မယ့် ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ သူနဲ့အတူ အော်စကာဆုရှင် သရုပ်ဆောင်မင်းသား Rami Malek ကလည်း ဗီလိန်ဇာတ်ကောင်တဦးအနေနဲ့ ပါဝင်လာမှာဖြစ်ပြီး တခြားဟောလိဝုဒ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Léa Seydoux ၊ Ben Whishaw ၊ Naomie Harris စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ အကုန်အကျခံ ရိုက်ကူးထားတာပါ။ ဒီကားကိုတော့ အစက လာမယ့်ဧပြီလဆန်းမှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပေမယ့် လတ်တလော ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရုံတင်မယ့်ရက်ကို နိုဝင်ဘာလထိ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up