Homeမြန်မာသတင်း
နိုင်ငံခြားသားများကို မြန်မာပြည်ဝင်ခွင့်ပိတ်ပင်ထားမှု ဇွန်လ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်
နိုင်ငံခြားသားများကို မြန်မာပြည်ဝင်ခွင့်ပိတ်ပင်ထားမှု ဇွန်လ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်
DVB
·
June 16, 2020
မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့် ယာယီ ကန့်သတ်ထားတဲ့ အစီအမံတွေ အားလုံးကို ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံ တိုးမြှင့်သတ်မှတ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ပြည်ပကနေ ဝင်ရောက်လာနိုင်မှုနဲ့ ကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ်ကနေ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ထိရောက်တဲ့ အစီအမံတွေကိုဆက်လက်ချမှတ် ဆောင်ရွက်နိုင်ဖို့ရှေးရှုပြီး တိုးမြှင့်လိုက်တာလို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
ဒါပေမဲ့ အရေးပေါ် အစိုးရတာဝန်နဲ့ဖြစ်စေ၊ မလွှဲမရှောင်သာတဲ့ ကိစ္စတွေကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသား သံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲမယ့် ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ လာရောက်ဖို့ရှိပါက ဗီဇာကင်းလွတ်ခွင့်ရဖို့ သက်ဆိုင်ရာ သံရုံးတွေကို အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ထားတာကို သက်တမ်း ထပ် ထပ်တိုးနေတာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံကိုလာရောက်ကြမယ့် နိုင်ငံခြားသားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ လူမှုရေးဗီဇာ အပါအဝင် ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားအားလုံးကိုလည်း ထုတ်ပေးသေးဘဲ ယာယီရပ်ဆိုင်းထားဆဲဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေ အပါအဝင် မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ နိုင်ငံအားလုံး သံတမန် နိုင်ငံကူးလက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကလွဲပြီး တခြားသူအားလုံးကိုလည်း ဗီဇာကင်းလွတ်ခွင့် ယာယီ ရပ်ဆိုင်းထားပါတယ်။