ဘေးအန္တရာယ်ကင်းရေး ရွှေ့ပြောင်းမှုကို လက်မခံပါက အရေးယူမည်
DVB
·
May 15, 2013
လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ မုန်တိုင်းဘေးက အန္တရာယ်ကင်းစေဖို့အတွက် သက်ဆိုင်ရာက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတာမှာ မလိုက်နာသူတွေ၊ တားဆီးသူတွေကို ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူမယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ပြုလုပ်တဲ့ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းတဲ့ပွဲမှာ သူက ခုလို ပြောခဲ့တာပါ။
[caption id="attachment_39446" align="alignleft" width="300" caption="ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ရှင်းလင်းပွဲ"][/caption]
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ တချို့လူတွေအနေနဲ့ သက်ဆိုင်ရာက ဘေးလွတ်ရာ ရွှေ့ပြောင်းတာကို မလိုက်တာဟာ လုံခြုံရေးအရ စိတ်ချမှု မရှိတာရယ်၊ ပြောင်းရွှေ့ပြီးနောက် လက်ရှိနေရာမှာ ပြန်လည် နေထိုင်ခွင့် မရမှာကို စိုးရိမ်တာကြောင့် ဖြစ်ကြောင်း ပြောပါတယ်။
လက်ရှိ အစိုးရဟာ ရခိုင်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် လူပေါင်း ၁၉၀၀၀ ကျော်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး ဆက်ပြီး ရွှေ့ပြောင်းပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ လူမှုဝန်ထမ်းဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်တို့ တက်ရောက် ရှင်းလင်းခဲ့ကြပါတယ်။