လာရောက်လည်ပတ်သူများလာသည့် ဒီးမော့ဆိုက ကြာကန်များကို ပိတ်ထား
နော်နိုရင်း
·
June 15, 2020
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူနဲ့ ဖောင်းတော ကျေးရွာအတွင်းက ကြာကန်တွေမှာ အခုလပိုင်းအတွင်း အလည်အပတ်နဲ့ အလှဓာတ်ပုံ လာရိုက်သူများလာနေပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှာကို စိုးရိမ်တဲ့အတွက် အဲဒီကြာကန်တွေကို ဇွန်လ ၁၄ ရက်နေ့ကစပြီး ပိတ်လိုက်ပါတယ်။
အဆိုပါကြာကန်တွေမှာ ဒေသခံတွေအပါအဝ၍် ရှမ်းပြည်နယ်နဲ့ တခြား ဒေသက ဧည့်သည်တွေပါ လာရောက်တဲ့အတွက် ရောဂါဖြစ်မှာကို စိုးရိမ်လို့ ပိတ်လိုက်ရခြင်းဖြစ်တယ်လို့ ဘုရားဖြူကျေးရွာ ရာအိမ်မှူ ဦးနွေမင်းထွန်းက ပြောပါတယ်။
“အဓိကကတော့ ကိုဗစ်ကြောင့်မို့လို့ ပိတ်တယ်။ လူစုလူဝေးလည်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လူလည်းတအားများတဲ့အတွက်မို့လို့ ပိတ်တာ။ တနေ့ကို လူထောင်နဲ့ ဖြစ်လာပြီလေ။ လူစုလူဝေးလည်းဖြစ်နေတော့ ကျနော်တို့လည်း မပေးလာရဲတော့ဘူး။ တချို့နယ်ဝေးက လည်းပါတယ်။ တခြားနေရာကလည်းပါတယ်။ အဲဒါကြောင့် ပိတ်လိုက်တာ။ ကျန်းမာရေးဌာနကလည်း ပိတ်ခိုင်းလို့ ပိတ်လိုက်တာပေါ့နော်။ ”
ပြီးခဲ့တဲ့မေလ ကစပြီးလာရောက်လည်ပတ်ပြီး အလှဓါတ်ပုံတွေလာရိုက်တာတွေရှိပြီး အွန်လိုင်းပေါ်တင်ရာကနေ တဖြည်းဖြည်းလူသိများလာပြီးလာရောက်လည်ပတ်သူတွေများတာလို့ ဆိုပါတယ်။
ဒီလိုလာရောက်လည်ပတ်သူတွေများလာလို့ ဒေသခံတွေအနေနဲ့ လှေလှော်လိုက်ပို့ပေးပြီး လှေလှော်ခတွေ ရရှိလို့ ဝင်ငွေတွေ ရရှိပေမဲ့ ရောဂါကူးစက်မှာကို စိုးရိမ်လို့ ပိတ်ရတာဖြစ်ကြောင်းလည်း ဦးနွေမင်းထွန်းက ပြောပါတယ်။
“ကျနော်တို့ဆီမှာက (ရောဂါ) မဖြစ်သေးဘူးလေ။ ရှမ်းပြည်မှာက ဖြစ်နေတာကော့၊ အခု ဆီဆိုင်တို့ ဘာတို့အထိ ဖြစ်တယ်ဆိုတော့ ကြောက်တာပေါ့။ ဒီရောဂါမပြီးမချင်းတော့ ပိတ်ပြစ်လိုက်မယ်လို့ ထင်တာပဲ။ ရောဂါမဖြစ်ရင်တော့ ကြိုက်သလိုလာလေ။ ပိုတောင်ကြိုက်သေး တယ်။ ရောဂါမဖြစ်ဘူးဆိုရင်တော့ ဖွင့်ထားပေးလိုက်။ ဒီမှာမရှိဆင်းရဲတဲ့လူတွေ အလုပ်ဖြစ်တာပေါ့နော်။ လှေလှော်ပေးတဲ့အတွက်မို့လို့လေနော်။ စားဝတ်နေရေးပါ အထောက်အကူပြုတာပေါ့။ ”
လူသူအရောက်များလို့ ဒေသခံတွေအနေနဲ့ လူတစ်ဦးကို ငွေကျပ် ၁၀၀၀ ကောက်ခံပြီး လှေလှောက်လိုက်ပို့ရာမှာ လူများရင်များသလို ဒေသခံတွေ ဝင်ငွေရရှိကြတယ်လို့ဆိုပါတယ်။
ရေပေါ်မှာနေပြီး ကြာပင်ခင်းစိုက်ပျိုးထားတဲ့ ဘုရားဖြူကျေးရွာက ဦးလွမ်းကတော့ “ကျနော်က လှေမလှော်ဘူး။ ကျနော့်ကလေးတွေပဲ လှော်တယ်။ သူတို့ တရက် နှစ်သောင်း လောက်တော့ ရတယ်။ လူများရင်များသလိုပဲပေါ့။ အခုပိတ်လိုက်တော့ ကောင်းတာပေါ့။ လူစုလူဝေးမှ မလုပ်ရဘဲကိုး။ ” လိုပြောပါတယ်။
သူ့အနေနဲ့ ကြာကန်စိုက်ပျိုးထားတဲ့အတွက် ကြာချည်ထုတ်ယူတဲ့လူတွေက ကြာကန်ကို ပုတ်ပြတ်နဲ့ နှစ်စဉ် လာဝယ်တာရှိတယ်လို့ဆိုပါတယ်။
အခု ရှိနေတဲ့ကြာကန်ကို လာမလည်ဖို့နဲ့ ရွာခံအနေနဲ့လည်း လှေမလှော်ပေးဖို့သတိပေးထားပြီး ရွာခံတွေအနေနဲ့ လာလည်သူတွေကို လှေလှော်ပေးပါက ဒဏ်ငွေ ကျပ် တစ်သိန်းပေးဆောင်ရမယ်လို့ အသိပေးထားပါတယ်။