ကယားပြည်နယ်ရှိ အလည်အပတ်နေရာများ ဇွန်လ ၁၆ ရက် ပြန်လည်ဖွင့်လှစ်မည်
နော်နိုရင်း
·
June 15, 2020
ထီးစဲခါးရေတံခွန်အပါအဝင် ကယားပြည်နယ်အတွင်းမှာရှိတဲ့ အလည်အပတ်နေရာ ၁၁ ခုကို ဇွန် ၁၆ ရက်နေ့ကစပြီး ကန့်သတ်ချက်ဖြေလျှော့ပြီး ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက ကြေညာပါတယ်။
ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်တားဆီးရေးဆိုင်ရာ ဖြေလျှော့စည်းကမ်းချက်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။
၃ လနီးပါကြာ ပိတ်ထားခဲ့တဲ့ လွိုင်ကော်မြို့နယ်တွင်းက ထီးစဲခါးရေတံခွန်၊ ကြက်ဂူ၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ၊ ကွိုင်ငံ၊ ရေပြာအိုင်နဲ့ ဖရူဆိုမြို့နယ်အတွင်းက ထီးပရူးနူဂူနဲ့ ဆင်ဖြူတောင်တို့ကို ဇွန်လ ၁၆ ရက်နေ့ကစ ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ကြောင်း ပါရှိပါတယ်။
ဒါပေမဲ့ လူစုလူဝေးနဲ့ စုဖွဲ့စားသောက်တာတွေမပြုလုပ်ဖို့နဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။
ခရီးသယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ကုန်တင်ယာဉ်တွေ သွားလာမှုအဆင်ပြေစေဖို့ ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ပြေးဆွဲတာနဲ့ ပြည်နယ်အတွင်း ဝင်ရောက်ခွင့်ပြုမှာ မဟုတ်သလို ယာဉ်စီးခနှုန်းကိုလည်း လက်ရှိနှုန်းထားအပေါ် ကျပ် ၅၀၀၀ လျှော့ကောက်ခံဖို့နဲ့ ခရီးသည်ကိုလည်း တဝက်သာ တင်ဆောင်ဖို့ သတ်မှတ်ထားပါတယ်။
ဈေးတွေကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ တစ်ရက်သာပိတ်တဲ့အစီအစဉ်ကို ဇွန်လ ၃၀ ရက်နေ့အထိ ရက်ထပ်ထိုးထားပါတယ်။
ကယားပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမရှိသေးပေမဲ့ ဓာတ်ခွဲနမူနာ စောင့်ဆိုင်းသူ ၁၁၉ ဦးရှိကြောင်း ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်တဲ့ ကယားပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။