Home
သတင်းဓာတ်ပုံ
စစ်ကိုင်းရှင်သီဝလိတောရကျောင်းကို လာရောက်သူများသဖြင့် ရက်အကန့်အသတ်မရှိပိတ် 
DVB
·
June 15, 2020
စစ်ကိုင်းမြို့မှာရှိတဲ့ ရှင်သီဝလိတောရကျောင်းကို လာရောက် လည်ပတ်သူတွေ အလွန်များနေတဲ့အတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့ ဇွန်လ ၁၄ ရက် နေ့လည်က စတင်ပြီး လည်ပတ်ခွင့်  ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါတယ်။ ရှင်သီဝလိတောရကျောင်းမှာ ရွှေတိဂုံဘုရားပုံစံ စေတီငယ်တွေ ရာနဲ့ချီပြီး သွန်းလုပ်နေရာမှာ တည်ဆောက်တဲ့လုပ်ငန်းတွေမပြီးသေးပေမဲ့ တောရကျောင်းကို နေ့စဉ်နဲ့အမျှ လာရောက် လည်ပတ်သူတွေ များပြားနေတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း လာရောက် လည်ပတ်သူတွေအတွက် လက်ဆေးဖို့နေရာတွေ ထားပေးပြီး ခပ်ခွာခွာနေကြဖို့ ဆိုင်းဘုတ်တွေနဲ့ အသိပေးကြေညာထားတဲ့အပြင် လာရောက် လည်ပတ်သူတွေကို ကော်ဖီနဲ့ မုန့်တွေ  ဧည့်ခံကျွေးမွေးနေတာဖြစ်ပါတယ်။ ရှင်သီဝလိတောရကျောင်းမှာ ၂၀၁၆  ခုနှစ် သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့က စတင်ကာ ကျေးဇူးတော်ရှင် အဂ္ဂပဏ္ဍိတ မိုးကုတ် ဆရာတော် ဘုရားကြီး ဟောကြားတဲ့ သစ္စာလေးပါး တရားတော် အပုဒ်ရေ ၁၃၀၀ ကျော်ကို ကျောက်စာနဲ့ထွင်းထုပြီး တောရကျောင်းမြေ  ၁၇ ဒသမ ၈ ဧကပေါ်မှာ စေတီငယ်တွေနဲ့ အတူထားရှိဖို့ စတင် အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။ အဆိုပါ စေတီငယ်တွေကို ရွှေတိဂုံဘုရားပုံစံ သွန်းလုပ်နေတာဖြစ်ပြီး အောက်ခြေရှိ မဏ္ဍိုင် လေးမျက်နှာမှာ တရားတော် တစ်ပုဒ်နှုန်းနဲ့  ပူဇော်ထားတာလည်းဖြစ်ပါတယ်။ စေတီမှာ ထားရှိမယ့် ကျောက်စာရဲ့  အမြင့်မှာ ၆  ပေရှိပြီး စေတီတစ်ဆူလုံးရဲ့  အမြင့်မှာ ပေ၂၀ နဲ့ အချင်း ၁၀ ပေဖြစ်ပါတယ်။   စေတီတွေရဲ့ ကျောက်စာတွေကို မြန်မာလက်မှုပညာရှင် အဖွဲအပါအဝင် အဖွဲ့ ၇ နှစ်ဖွဲ့နဲ့ အကောင်အထည်ဖော်ကာ အမှားနည်းစေဖို့နဲ့  ညီညာမှုရှိစေဖို့ ကွန်ပျူတာ စနစ်နဲ့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ခုလိုတည်ဆောက်ရတာဟာ  ဂရင်းနစ် စံချိန်တင်အောင် ကြိုးစားနေတာမဟုတ်ဘဲ ဘုရား သာသနာ ထွန်းကားအောင်သာ ဆောင်ရွက်နေတာဖြစ်တယ်လို့  ရှင်သီဝလိ တောရကျောင်းမှ ဆရာတော် အရှင် ဉာဏိန္ဒက မိန့်ပါတယ်။ သုံးနှစ်ကျော်ကာလအတွင်း တည်ဆောက်ခဲ့ရာမှာ အခုအချိန်အထိ  စေတီပေါင်း ၄၀၀ ကျော်ပြီးစီးသွားပြီး ခန့်မှန်းချေ ၅၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။ အဆိုပါ တောရကျောင်းမှာ တည်ထားမယ့် စေတီအဆူ ၇၀၀ ကျော်အတွက် အလှူရှင်တွေ ရှိထားပြီးလည်း ဖြစ်ပါတယ်။ စစ်ကိုင်းမြို့ဟာ  မြန်မာနိုင်ငံအတွင်းက ဘုရားစေတီတွေ ပေါများရာ မြို့တွေထဲက တစ်မြို့ဖြစ်ပြီး ရှင်သီဝလိတောရ ကျောင်းကတော့ စစ်ကိုင်းတောင်ရဲ့ အနောက်ဘက်ပိုင်းမှာ တည်ရှိပါတယ်။ Photo - Kaung Zaw Hein / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024