ပျောက်ဆုံး လားဟူတိုင်းရင်းသား ၂ ဦးကို သေဆုံးလျက် တွေ့ရှိ
DVB
·
June 15, 2020
တောလိုက်သွားရင်း ပျောက်ဆုံးသွားတဲ့ မိုင်းတုံမြို့နယ် နားကောင်းမူးရွာနေ လားဟူတိုင်းရင်းသား ၂ ဦးကို သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ နယ်ခြားစောင့်တပ်က သိရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးရွာနေ လားဟူတိုင်းရင်းသား ၂ ဦး ဇွန် ၅ ရက်နေ့မှာ တောလိုက်သွားစဉ် ပျောက်ဆုံးသွားခဲ့တာပါ။
ကျေးရွာသားတွေနဲ့ ပြည်သူ့စစ်အဖွဲ့ အင်အား ၆၀ လောက် တောနင်းလိုက်လံရှာဖွေခဲ့ရာ ဆီးငင်းရွာအနောက်ဘက် နမ့်ဟန်ချောင်းအတွင်းမှာ ဓားဒဏ်ရာတွေနဲ့ ပုပ်ပွသေဆုံးနေတဲ့ ကျမော်(ခ)ကျဖော်ဟဲရဲ့အလောင်းကို ဇွန် ၁၂ ရက် ညနေ ၃ နာရီလောက် ရှာဖွေတွေ့ရှိခဲ့ပြီး အခင်းဖြစ်နေရာအနီးမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
ဒီနောက် ဇွန် ၁၃ ရက် ညနေ ၅ နာရီလောက်က အဆိုပါနမ့်ဟန်ချောင်းအတွင်း ပထမအလောင်းတွေ့ရှိရာ ချောင်းအောက်ဘက် သုံးကီလိုမီတာခန့်အကွာမှာ ရှာဖွေရေးအဖွဲ့တွေက ထပ်မံတွေ့ရှိခဲ့ပါတယ်။
"လမ်းကြောင်းကိုခြေရာခံပြီး လိုက်ရင်း ချောင်းထဲမှာပဲ ပျောက်ဆုံးနေတဲ့ ဟန်မတ်ရဲ့အလောင်းကို နောက်ကျောသေနတ်ဒဏ်ရာတစ်ချက်၊ မျက်နှာနဲ့ လည်ပင်းမှာ ဒါးခုတ်ရာနှစ်ချက်နဲ့ ခြေလက်ကအကြောတွေကို ဓားနဲ့ လှီးဖြတ်ထားတဲ့ ဒဏ်ရာတွေအများကြီးနဲ့ သေဆုံးလျက်ပြန်တွေ့ခဲ့ရတာပါ။ အဖွဲ့တဖွဲ့က ဖမ်းပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်" လို့ ရှာဖွေရေးအဖွဲ့မှာ ပါဝင်တဲ့ဒေသခံတဦးက ပြောပါတယ်။
အပြစ်မဲ့ ကျေးရွာသားနှစ်ဦးကို သတ်ဖြတ်သွားခဲ့တဲ့အဖွဲ့ကို ခြေရာခံပြီး မတွေ့မချင်း လိုက်လံရှာဖွေသွားမယ်လို့ နယ်ခြားစောင့်တပ်မှအရာရှိတဦးက ပြောပါတယ်။
လားဟူတိုင်းရင်းသားနှစ်ဦး အသတ်ခံရတဲ့ အခင်းဖြစ်ပွားရာနေရာတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားတတ်တဲ့ ကန့်သတ်နယ်မြေဖြစ်တယ်လို့ သိရပါတယ်။
အောင်ဇေယျ