Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် ပိတ်ထားသည့် ဆိပ်ဖြူမြို့ကြက်သွန်နီကုန်စည်ဒိုင် ပြန်ဖွင့်
DVB
·
June 14, 2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေဖို့ ရပ်နားထားတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ် ကုန်စည်ဒိုင်ကို ဇွန် ၁၄ ရက်နေ့ မနက်က စတင်ဖွင့်လှစ်ပြီး ကိုဗစ်ကာလ ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့အညီ အရောင်းအဝယ်ပြုလုပ်​နေပြီလို့ သိရပါတယ်။ ဆိပ်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်က “ကျန်းမာရေးစည်းကမ်းချက်ကတော့ ကျနော်တို့ လက်ဆေးဘေစင်တွေ၊ သာမိုမီတာ ကိုယ်အပူချိန်တိုင်း ကိရိယာတွေ၊ အပြင်ကလူတွေ Mask ပေးလို့ရအောင် Mask တွေ ဆောင်ခိုင်းထားတယ်။ ဒိုင်မှာ ကြက်သွန်နီ နမူနာတွေ ခင်းရင် တခုနဲ့တခု ၆ ပေကွာ ခင်းခိုင်းထားတယ်” လို့  ပြောပါတယ်။ ကားသမားနဲ့ တောင်သူတွေက ကြက်သွန်နီကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်ဖို့ တောင်းဆိုတဲ့အတွက် ကြက်သွန်နီ ကုန်စည်ဒိုင်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စာတင်ပြီး တင်ပြတောင်းဆိုခဲ့တာပါ။  ကုန်စည်ဒိုင် ပိတ်ထားစဉ်ကာလက ကျေးရွာတွေနဲ့ မြို့ပေါ်ပွဲရုံတွေမှာ အရောင်းအဝယ် အနည်းငယ်ဖြစ်ပေမယ့် တောင်သူတွေက လူအနည်းငယ်နဲ့ အရောင်းအဝယ်ပြုနေရပြီး ကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်ပါက လူအများနှင့် အရောင်းအဝယ် ဖြစ်တာကြောင့် ကြိုက်ဈေးနဲ့ အရောင်းအဝယ် လုပ်ရ​တယ်လို့ ကြက်သွန်နီအဝယ်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးမှတ်ကျော်က ပြောပါတယ်။ “တောင်သူတွေကိုလည်း ပြောထားတယ်။ ကားသမားနဲ့ ကားစပယ်ယာပဲ ဒိုင်ကို လာခဲ့ရမယ်။ ဒိုင်မှာ လူစုလူဝေး မဖြစ်ရလောက်လို့။ Mask ကတော့ အစပိုင်းမှာ ကျနော်တို့ တတ်နိုင်သလောက် အခမဲ့ဝေပေးမယ်။ နောက်ပိုင်းမှာ Mask ကို ရောင်းပေးမယ်။ ကုန်စည်ဒိုင် စည်းကမ်းချက် ကျန်းမာရေးအတွက် မလိုက်နာတဲ့သူကို ဒဏ်ကြေးငွေ သုံးသောင်း တပ်မှာ လိုက်နာအောင်။” ကုန်စည်ဒိုင် စတင်ဖွင့်လှစ်တဲ့နေ့ ဇွန် ၁၄ ရက်မှာ ကြက်သွန်နီကုန်ချိန် ပိဿာ ၁၆,၀၀၀ လာရောက်ရောင်းချမှုရှိကြောင်းနှင့် ကြက်သွန်နီ လုံးကြီး ၁ ပိဿာ ၄၄၀ ကျပ်၊ လုံးလတ် ၁ ပိဿာ ၄၃၀ ကျပ်နဲ့ လုံးသေး ၁ ပိဿာ ၄၂၀ ကျပ် ပေါက်ဈေးရှိတယ်လို့ ကုန်စည်ဒိုင်က သိရပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024