တရုတ်တွင် လောင်စာဆီတင်ကား ပေါက်ကွဲသဖြင့် ၁၉ ဦးသေဆုံး၊ ၁၇၂ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ဇွန် ၁၃ ရက် ညနေ ၄ နာရီကျော်လောက်က လောင်စာဆီတင် ထရပ်ကားတစီး မီးလောင်ပေါက်ကွဲခဲ့တာကြောင့် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၁၉  ဦးနဲ့ ဒဏ်ရာရသူ ၁၇၂ ဦး ရှိပြီလို့ သိရပါတယ်။ ဓာတ်ငွေ့တွေ တင်ဆောင်ထားတဲ့ကားဟာ ကျဲ့ကျန်းပြည်နယ် ဝမ်လင်းမြို့ထဲက လျန်ရှန်း ရွာနားမှာ ပေါက်ကွဲခဲ့တာပါ။  အာဏာပိုင်တွေက ကားပေါက်ကွဲရာနေရာဟာ ရှန်းယန်- ဟိုက်ခို့ အဝေးပြေးလမ်းမပေါ်မှာလို့ ဆိုပါတယ်။  ကားမီးလောင်ပေါက်ကွဲမှုကြောင့် အနားက အဆောက်အအုံတွေ၊ ယာဉ်တွေပါ မီးလောင်ပျက်စီးခဲ့ပါတယ်။  ကားမီးလောင်ပြီး ဒုတိယပေါက်ကွဲမှုကတော့ မီးလောင်နေတဲ့ ကားကအနား ဝပ်ရှော့ထဲ မီးကူးစက်ပြီး တချို့လူနေအိမ်တွေနဲ့ စက်ရုံ ဝပ်ရှော့တွေပါ ထပ်မံပေါက်ကွဲခဲ့ပါတယ်။  မီးလောင်မှုအကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။  မီးလောင်မှု ဖြစ်ရာနေရာကို မီးသတ်ကား အနည်းဆုံး ၃၄ စီးနဲ့ မီးသတ်သမား ၁၃၈ ဦးတို့က မီးငြိမ်းသတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up