မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းကို Quarantine စင်တာအဖြစ် ဖွင့်လှစ်

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ပြည်ပနိုင်ငံတွေက ဧရာဝတီတိုင်းထဲ ပြန်လာသူ ၉၆ ဦးကို ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စောင့်ကြည့်ဖို့အတွက် မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းကို လူထုအခြေပြု စောင့်ကြည့်စင်တာ (Community based facility quarantine center) အဖြစ် ဇွန် ၁၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက “ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်နိုင်ငံကနေ ဧရာဝတီတိုင်းဒေသအသီးသီးကို ပြန်လည်ဝင်ရောက်လာသူတွေကို အခုအချိန်မှာ ပြန်လည်လက်ခံပြီး အသွားအလာကန့်သတ်စောင့်ကြည့်ဖို့အတွက် ပရိယတ္တိစွမ်းအား တောရကျောင်းတိုက်အပြင် သူနာပြုသင်တန်းကျောင်းကိုပါ စောင့်ကြည့်စင်တာအဖြစ် ပြန်လည်ဖွင့်လှစ်ပြီး သူတို့မှာ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုတွေ ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။  မြောင်းမြမြို့မှာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြို့နယ်၊ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီတွေနဲ့အတူ ကရုဏာရှင်လူငယ်များအသင်းက လူထုအခြေပြု စောင့်ကြည့်စင်တာတွေမှာ စေတနာ့ဝန်ထမ်းများအဖြစ် ကူညီဆောင်ရွက်ပေးနေကြပါတယ်။ ကရုဏာရှင်လူမှုကူညီရေးအသင်းမှ ကိုဝေလင်းအောင်က “ပြည်ပပြန်တွေ ကိုယ့်ရပ်ကိုယ့်ဒေသကို ပြန်ကြတဲ့အခါ အဲဒီမြို့က လူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် မြောင်းမြမှာ Quarantine ဝင်ချိန်မှာ အစစအရာရာအခမဲ့ဖြစ်အောင် မြို့ခံအလှူရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ တောင့်ခံပြီး ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောပါတယ်။ မြောင်းမြမြို့က ပရိယတ္တိစွမ်းအားတောရကျောင်းတိုက်၊ သူနာပြုသင်တန်းကျောင်းတွေမှာ ဇွန် ၁၃ ရက်နေ့ နောက်ဆုံးစာရင်းအရ တရုတ်နဲ့ ထိုင်းနိုင်ငံတို့မှ ပြန်ရောက်လာသူ လူပေါင်း ၉၆ ဦးကို လက်ခံကာ ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up