အိန္ဒိယမှ မြန်မာဘက် ခိုးဝင်လာသူ ၆ ဦးကို ဓာတ်ခွဲနမူနာယူပြီး တမူးဆေးရုံတွင် စောင့်ကြည့်

အိန္ဒိယနိုင်ငံမှာ ကျမ်းစာသင်ကျောင်းသွားတက်ရာကနေ ငွေပြတ်လပ်ပြီး အခက်အခဲကြုံနေတာကြောင့် မြန်မာဘက်ခြမ်း တမူးမြို့ကို ခိုးဝင်လာတဲ့ ၆ ဦးရဲ့ ဓာတ်ခွဲနမူနာရယူပြီး တမူးဆေးရုံမှာ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ သူတို့ ၆ ဦးကို မနေ့ မနက်ပိုင်းက ချောင်းနက်ကြီးရွာမှာ တွေ့ရှိလို့ ခေါ်ဆောင်ကာ တမူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကာ ဓာတ်ခွဲနမူနာယူပြီး ဆက်လက်စောင့်ကြည့်နေတယ်လို့ တမူးမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။ ချင်းတိုင်းရင်းသား ၆ ဦးဟာ အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ Phek Pfutsero မြို့ရှိ ကျမ်းစာသင်ကျောင်းမှာ ပညာသင်ကြားရာက ငွေပြတ်လပ်ပြီး ပြန်လာတာဖြစ်ကြောင်း၊ သူတို့ပြန်လာချိန် အိန္ဒိယနယ်စပ်ဂိတ်တွေလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ “ကျမ်းစာသင်ကျောင်းတက်ပြီး၊ ပိုက်ဆံပြတ်ပြီး၊ အစာရေစာပြတ်လို့ ပြန်လာတယ်လို့ ပြောပါတယ်” လို့ ဦးအောင်ကျော်စိုးက ပြောပါတယ်။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးနောက် မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်တွေကို ရောဂါကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှစ်နိုင်ငံစလုံးက မတ်လအတွင်းမှ စ တင်ပိတ်ထားခဲ့ကြောင်း၊ တရားဝင်နည်းလမ်းနဲ့ ပြန်လာလိုသူတွေကို နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းကာ နယ်စပ်မှာပြန်လည် လက်ခံပေးနေတယ်လို့ သိရပါတယ်။ တမူးမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်စိုးက “အမှန်တကယ်က ဂိတ်ကပိတ်ထားတော့ ခိုးပေါက်ကနေ လာကြတာပါ” လို့ ပြောပါတယ်။ ခိုးဝင်လာတဲ့ ၆ ဦးကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းကာ အထက်အဆင့်ဆင့်ကို တင်ပြထားတယ်လို့ ဆိုပါတယ်။ ပြန်ဝင်လာမယ့်သူတွေဟာ လူမှုအဖွဲ့အစည်းတွေကတဆင့် ချိတ်ဆက်ပြီး စာရင်းပေးလာကြသလို လွှတ်တော်ကိုယ်စားလှယ်တွေဆီကို အကြောင်းကြားလာတာကြောင့် ပြန်လက်ခံပေးတာလို့ တမူးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောထားပါတယ်။ လတ်တလောမှာလည်း အိန္ဒိယမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ပြန်လည်လက်ခံသွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up