လက်ဘနွန်တွင် ဆန္ဒပြ မီးရှို့မှုများ ဆက်ဖြစ်

909
လက်ဘနွန်နိုင်ငံမှာ ဆန္ဒပြသူတွေဟာ ဒုတိယနေ့အဖြစ် ဇွန် ၁၂ ရက်မှာလည်း လမ်းမတွေကို ပိတ်ဆို့ မီးရှို့တာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုင်ရင်ဆိုင်တာတွေဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ လက်ဘနွန်မီဒီယာက ဖော်ပြ ပါတယ် ။
လက်ဘနွန်မှာ ပေါင်ငွေတန်ဖိုးဟာ အောက်တိုဘာကစလို့ ငွေတန်ဖိုး ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေလို့ မြို့ပေါင်းများစွာမှာ ဇွန်လ ၁၁ ရက်ထဲက ဆန္ဒပြခဲ့တာပါ။
လက်ဘနွန်ဗဟိုဘဏ်အနေနဲ့ ပေါင်ငွေတန်ဖိုးကျဆင်းမှုကို ပြန်ဆယ်နိုင်ဖို့ တနင်္လာနေ့မှာ ဈေးကွက်ထဲ ဒေါ်လာတွေ ထည့်ပေးမယ်လို့ ကြေညာထားပေမဲ့ သောကြာနေ့မှာလည်း ပေါင်ငွေ တန်ဖိုးဟာ ဆက်လက်ကျဆင်းနေခဲ့ပါတယ်။
ဘေရွတ်မြို့လယ်နဲ့ထရီပိုလီမြို့တို့မှာ ဆန္ဒပြသူတွေဟာ သောကြာနေ့မှာ လမ်းပေါ်ထွက်လာ ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို မီးရှုးမီးပန်းတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး သူတို့ကိုလည်း ရဲက မျက်ရည်ယိုဗုံးတွေ ၊ ရာဘာကျည် ဆန်တွေနဲ့ ဖြိုခွင်းခဲ့ရပါတယ်။
လက်ဘနွန်အစိုးရကတော့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဆွေးနွေးပြီး စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်လာဘီလျံနဲ့ အကူအညီ ရဖို့ ဆွေးနွေးနေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။