Home
မြန်မာသတင်း
လွှတ်တော်အတည်ပြုအဆို သမ္မတရုံးသို့ တိုင်ကြားမှုဥပဒေ ချိုးဖောက်ခြင်းဖြစ်ဟု ကယားလွှတ်တော် ဥက္ကဋ္ဌ ပြော
နော်နိုရင်း
·
June 13, 2020
ကယားပြည်နယ်လွှတ်တော် အတည်ပြုပြီးတဲ့အဆိုတခုကို ပြည်နယ်အစိုးရက လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်သမ္မတရုံးကို တင်ပြတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်နေတယ်လို့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့ ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော်  ၁၇ ကြိမ်မြောက်ပုံမှန် အစည်းအဝေး (တတိယ)မြောက်နေ့မှာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက လွှတ်တော်အတွင်းနိဂုံးချုပ်အမှာ စကားပြောကြားစဉ် ထည့်သွင်း‌ပြောဆိုသွားခဲ့တာပါ။ “ကျနော်တို့ ကယားပြည်နယ်လွှတ်တော်အတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေဟာ ဆိုလို့ရှိရင် ကယားပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၂ အရပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ဘဲ နောက်တနည်းရှိတဲ့ဟာကတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြရမှာဖြစ်ပါတယ်။ အခုကတော့ အဲလိုမဟုတ်ဘဲနဲ့ လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ ရေးရာကော်မတီကိစ္စ၊ နောက်အတည်ပြုတဲ့ အဆိုများကို ပြည်ထောင်စု သဘောထားခံယူခြင်းတွေဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီးတော့ ၂၀၁၄ ခုနှစ် ကယားပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပါပြဋ္ဌာန်းချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၆၇(က) နဲ့ ညီညွတ်မှုမရှိသည်ကို တွေ့ရကြောင်း” ဦးလှထွေးက  ပြောဆိုခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ကယားပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတုန်းက  ဖရူဆိုမြို့နယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းတင်သွင်းခဲ့တဲ့ နှစ်စဉ် ကယားပြည်နယ်နေ့ ကျင်းပတဲ့ မြေနေရာအား ကယားပြည်နယ်နေ့ ကျင်းပရေးအတွက် ပြည်သူပိုင်မြေနေရာအဖြစ်ထားရှိရေး တိုက်တွန်းကြောင်းအဆိုနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။ “ကျနော်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီလွှတ်တော်ကိုယ်စာလှယ်များရဲ့ ဆန္ဒအရ အတည်ပြု တူထုခြင်းသာ ဆောင်ရွက်ခဲ့ပါတယ်။” ဒီလို လွှတ်တော်က  အတည်ပြုပြီးတဲ့အဆိုကို အစိုးရက လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေခဲ့အတွက်အတွက် အဆိုရှင်ဦးခင်မောင်ထွန်းက နိုင်ငံတော်သမ္မတထံ တိုက်ရိုက်စာပေးပို့ခဲ့ပါတယ်။ ဒီအပေါ် ပြည်နယ်အစိုးရက အဆိုရှင်ကို အသိပေးရှင်းလင်းပြောကြားသွားဖို့နဲ့  ပြီးစီးမှုအခြေအနေကို ပြန်လည်တင်ပြသွားဖို့  ၂၀၂၀ ပြည့်နှစ်ဧပြီလ ၂၃ ရက် က သမ္မတရုံးရဲ့ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် ပြည်နယ်အစိုးရက အဆိုရှင်ကိုကို တိုက်ရိုက်ညှိနှိုင်းတာတွေ မရှိဘဲ သမ္မတရုံးကို တင်ပြခဲ့တဲ့တာလို့ ဆိုပါတယ်။  ပြည်နယ်အစိုးရဲ့ တိုင်ငံတော်သမ္မတထံတင်ပြစာမှာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဟာ တင်သွင်းလာတဲ့အဆိုအပေါ် မှန်ကန်မှုရှိမရှိ သေချာစွာ စိစစ်ခြင်းမရှိဘဲ အဆိုအား အတည်ပြုခဲ့ကြောင်း၊  နန်းရိပ်ကုမ္ပဏီအား နေအိမ်မှာ ခေါ်ယူတွေ့ဆုံ၍  ဆက်လက်ဆောင်ရွက်ခြင်းမပြုဖို့ တားမြစ်ခြင်းအခြေအနေကြောင့်  ကျန်လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆုံးရှုံးမှုအတွက် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ပြီး စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကျန့်ကြာခဲ့ကြောင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ “အခုအစိုးရအဖွဲ့အနေနဲ့ သမ္မတရုံးကို တင်ပြတဲ့အချက်ဟာ ကျနော်တို့ ပြည်တောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၁(က)နဲ့ ငြိစွန်းနေပါတယ်လို့ ပြောကြားလိုပါတယ်။” ဒါ့အပြင် အစိုးရအနေနဲ့ အဆိုရှင်နဲ့ တိုက်ရိုက်မရှင်းပဲ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နာမည် တပ်ပြီး သမ္မတရုံးကိုတင်ပြခဲ့တဲ့ပေါ် ပယ်ဖျက်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ “သမ္မတရုံးက ပြောတာက အဆိုရှင်နဲ့ တိုက်ရိုက်ရှင်းရမယ့်ကိစ္စကို မရှင်းဘဲနဲ့ ကျနော့်ကို နာမည်တပ်ပြီးမှ တဖက်သတ် သမ္မတရုံးသို့ တင်ပို့ခြင်းကိစ္စကိုလည်း ပယ်ဖျက်ပေးရန်အတွက်ကိုလည်း ကျနော်အခု ဒီနေရာကနေ ပြောကြားလိုပါတယ်။”   ဦးခင်မောင်ထွန်း တင်သွင်းခဲ့တဲ့အဆိုဟာလည်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ထားတဲ့အဆိုဖြစ်ပြီး လွှတ်တော် တရပ်လုံးနဲ့လည်း သက်ဆိုင်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဆုံးအဖြတ်အပေါ်ကိုလည်း ပြည်နယ်အစိုးရအနေနဲ့ လေးစားလိုက်နာဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024