DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဘေးကူညီရန် ကုလနှင့် အန်ဂျီအိုများ ကြိုတင်ပြင်ဆင်
DVB
·
May 13, 2013
မုန်တိုင်းဘေးကူညီရန် ကုလနှင့် အန်ဂျီအိုများ ကြိုတင်ပြင်ဆင်
Donate to DVB

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဘက်ကို မဟာစင်ဆိုင်ကလုန်းမုန်တိုင်း ခုရက်ပိုင်းအတွင်း ၀င်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေတာကြောင့်  ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေက မုန်တိုင်းဘေးဒဏ်ခံရရင် အကူအညီပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြပါတယ်။

မဟာစင်မုန်တိုင်းဟာ မြန်မာနိုင်ငံ ဘယ်မြို့တွေကို ၀င်ရောက်တိုက်ခတ်မယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ အိုင်အန်ဂျီအိုတွေနဲ့ အန်ဂျီအိုတွေကတော့ မုန်တိုင်းဝင်ရောက်လာပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ဆောင်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြတာပါ။

ကုလသမဂ္ဂဆိုင်ရာ ရန်ကုန်ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက မြန်မာနိုင်ငံမှာရှိတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ မုန်တိုင်းအတွက် ကြိုတင်ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေပြီဖြစ်ကြောင်း ပြောပါတယ်။

“ကုလသမဂ္ဂရော၊ အိုင်အန်ဂျီအိုအဖွဲ့အစည်းတွေရော၊ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ အဖွဲ့တွေနဲ့ရော တွေ့ဖို့ရှိပါတယ်။ ကြိုတင်ပြင်ဆင်ချက်တွေရှိတယ်ဆိုတာလည်း သတင်းရသလို ဒီကနေ ပံ့ပိုးလို့ရတာတွေလည်း ညှိနှိုင်းနေကြပါတယ်။ လုပ်နိုင်တဲ့ပမာဏတွေလည်း တွက်ချက်နေကြပါတယ်။ မုန်တိုင်းအခြေအနေလည်း တချိန်လုံးစောင့်ကြည့်နေကြပါတယ်။”

မုန်တိုင်းဟာ ရခိုင်ပြည်နယ်ကို ၀င်ရောက်တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေတဲ့အတွက် မုန်တိုင်းလမ်းကြောင်းမှာ ရှိနေတဲ့ဒေသခံတွေ၊ ရွက်ဖျင်တဲတွေမှာ နေထိုင်နေရတဲ့ ပဋိပက္ခဘေးဒုက္ခသည်တွေကို မြေနိမ့်ပိုင်းကနေ ဘေးကင်းလုံခြုံရာ   ကုန်းမြင့်နေရာတွေကို အာဏာပိုင်တွေက အပူတပြင်း စတင်ပြောင်းရွှေ့ပေးနေပြီဖြစ်တဲ့ အကြောင်းနဲ့ ဒီလုပ်ငန်းတွေမှာ ကုလသမဂ္ဂအမှုထမ်းတွေကို ပို့ပြီး ပါဝင်ကူညီဆောင်ရွက် ပေးနေတယ်လို့ ပြောပါတယ်။

အလားတူ ယခင် မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့ဖူးတဲ့  နာဂစ်နဲ့ ဂီရိ မုန်တိုင်းတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ မုန်တိုင်းကာလအလွန်မှာ  သဘာဝဘေးအန္တရာယ်ရင်ဆိုင်ရေးဆိုင်ရာ ပညာပေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ဖူးတဲ့ မင်္ဂလာမြန်မာ အန်ဂျီအိုအဖွဲ့ မန်နေဂျာတဦးဖြစ်တဲ့ ဦးသန့်ဇော်ကလည်း မုန်တိုင်းဒဏ်ခံရရင် ဒေသခံတွေကို အကူအညီပေးဖို့ အန်ဂျီအိုတွေအကြား နိုးနိုးကြားကြား ရှိနေတယ်လို့ ပြောပါတယ်။

“အဖွဲ့လိုက်လုပ်နေတာတွေလည်း ရှိတယ်။ မင်္ဂလာမြန်မာအနေနဲ့လည်း နယ်ရော ရန်ကုန်က ၀န်ထမ်းတွေ၊ ယခင် အတွေ့အကြုံရှိဖူးတဲ့ ၀န်ထမ်းတွေနဲ့ အတွေ့အကြုံမရှိသေးတဲ့ ၀န်ထမ်းတွေရော ဘယ်လိုဖြစ်ရင် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ အတိုင်းအတာလေး ဆွေးနွေးထားကြတယ်။ လိုအပ်တဲ့ပစ္စည်းတွေဘာတွေက ယခင်တုန်းက ကျနော်တို့ဆီမှာ အရန်သင့်နည်းနည်းရှိတယ်။ ဖြစ်ပြီးသွားရင် အမိုးအကာလိုမယ်၊ ရွက်ဖျင်တဲတွေပေါ့၊ ဒါမျိုးလုပ်ထားတယ်။ အရင်ကထက်စာရင် နိုးနိုးကြားကြားရှိလာတယ်။ အရင်ကဆို အားလုံးက ကိုယ်နဲ့မဆိုင်သလိုလေ။ အခုက အဖွဲ့အစည်းတော်တော်များများလည်း ဒါဖြစ်လာရင် ဘယ်လိုလုပ်မယ်ဆိုတာ ကြိုတင်ပြင်ဆင်တာတွေ ရှိတယ်။”

ဒေသခံတွေအနေနဲ့ မုန်တိုင်းမ၀င်ခင် ရေနဲ့ စားနပ်ရိက္ခာတွေ သီတင်းတပတ်စာ စုဆောင်းထားဖို့၊ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း စတဲ့ အရေးကြီး စာရွက် စာတမ်းတွေကို ရေစိုခံ ပလတ်စတစ်နဲ့ ထည့်ထားဖို့၊ စိတ်ချရတဲ့ ဘုန်းကြီးကျောင်း၊ ခိုင်ခံ့တဲ့ အဆောက်အဦနဲ့ လူနေအိမ်တွေမှာ ခိုလှုံနေကြဖို့ အန်ဂျီအိုတွေကရော၊ မီဒီယာတွေကပါ သတိပေးဆော်ဩမှုတွေ လုပ်နေပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံတ၀န်းမှာ လူတွေ ဘေးကင်းလုံခြုံစွာ ခိုလှုံနိုင်မယ့်၊ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံနိုင်လောက်တဲ့ အဆောက်အဦတွေတော့ လုံလောက်မှု မရှိသေးဘူးလို့ အန်ဂျီအိုအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013